ဒီးမော့ဆိုက ဒုက္ခသည်ရှစ်သောင်းအတွက် မိုးကာတွေလိုအပ်
ကယားပြည် ဒီးမော့ဆိုမြို့နယ်က တောတောင်တွေထဲမှာ ထွက်ပြေးခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် ရှစ်သောင်းဝန်းကျင်အတွက် မိုးကာအချပ်ရေ တစ်သိန်းဝန်းကျင် အရေးပေါ် လိုအပ်နေတယ်လို့ ကရင်နီလူ့အခွင့်ရေးကွန်ရက် ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။
အဲဒီဒုက္ခသည်တွေဟာ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်အတွင်း ရွာတွေကဖြစ်ပြီး ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် မေလကစလို့ ဆက်တိုက်ဖြစ်နေတဲ့ တိုက်ပွဲတွေကြား ထွက်ပြေးလာကြရသူတွေဖြစ်ပါတယ်။
ဒီနေ့အထိ နေရပ်ပြန်လို့ မရသေးတဲ့ ဒုက္ခသည်တွေအတွက် လက်ရှိမိုးတွင်းကာလမှာ အမိုးအကာတွေ ရရှိနိုင်ရေး အရေးတကြီး ဆောင်ရွက်ပေးနေရတယ်လို့ ကိုဗညားက ပြောပါတယ်။
“မိုးတွင်းလည်းဖြစ်တယ် နောက်ပြီး အဲဒီမိုးကာနဲ့ပဲ ရေကန်တွေလုပ်ပြီး ရေသုံးကြရတာဆိုတော့၊ အခုမိုးကျလာတော့ အရင်တုန်းက မိုးကာတွေက အကုန်ပေါက်ပြဲကုန်ပြီး သုံးမရတော့ ကျနော် တို့ အဲဒါကို အရေးတကြီး ဆောင်ရွက်ပေးနေရတာ”လို့ ကရင်နီလူ့အခွင့်ရေး ကွန်ရက် ညွှန်ကြားရေးမှူး ကိုဗညားကပြောပါတယ်။
အလားတူ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ကို ထွက်ပြေးနေရတဲ့ ဒုက္ခသည် ခုနှစ်ထောင်ကျော်အတွက်လည်း မိုးကာအချပ်ရေ ငါးထောင်လောက် လိုနေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဆီဆိုင်မြို့ခံ ခွန်ကျော်ဆွေက ပြောပါတယ်။
ဆီဆိုင်ရောက် ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာလည်း တစ်လစာလောက်ပဲ ကျန်တော့တာမို့၊ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေအနေနဲ့ အာရုံစိုက်ပေးစေချင်တယ်လို့ ခွန်ကျော်ဆွေကပြောပါတယ်။
“ကျနော်တို့ ဆီဆိုင်မှာက ဒုက္ခသည်အများဆုံးရှိတာက နောင်ကျောကျေးရွာအုပ်စုထဲမှာ။ မိုးကာနဲ့တဲ ထိုးနေကြရတာ ဆိုတော့ အမိုးအတွက်ကော ၊အကာအတွက်ပါ မိုးကာပဲသုံးရတာဆိုတော့လေ။ နောက်ပြီး စားနပ်ရိက္ခာ အတော်လေးခက်ခဲနေကြတာ။ ဒီမှာက အလှူရှင်တွေ နိုင်သလောက် ကူတယ်ဆိုပေမယ့် ရေရှည်ကြတော့ ခက်ခဲလာတယ်။ဒါ့ကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ပိုအာရုံစိုက်ပေးစေချင်တာပါ”လို့ ခွန်ကျော်ဆွေကပြောပါတယ်။
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့ရေး အစီအစဉ် WFP က ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းရောက် စစ်ဘေးဒုက္ခသည်တွေအတွက် လိုအပ်တဲ့ထောက်ပံ့မှုတွေကို ဆောင်ရွက်ပေးခဲ့ကြောင်း ဒီလအစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းက ဒုက္ခသည်တွေနဲ့ ဆီဆိုင်မြို့က ဒုက္ခသည်စခန်းတွေကိုတော့ WFP ရဲ့ ထောက်ပံ့မှုအစီစဉ်တွေ ရောက်မလာသေးဘူးလို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။