စစ်တွေက ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ဖိအားပေးခံရ

RFA Burmese
2023.01.04
စစ်တွေက ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ဖိအားပေးခံရ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဝိဘဇ္ဇဝါဒီဘုန်ကြီးကျောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေရသူအချို့အား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ် လာရောက်ခိုလှုံနေတဲ့ စစ်ဘေး ဒုက္ခသည်တွေကို ဇန်နဝါရီလ ၁၅ ရက် နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ စစ်ကောင်စီက ဖိအားပေးနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

စစ်တွေမြို့မှာ စစ်ဘေးဒုက္ခသည်စခန်း ၃၂ ခုရှိပြီး ဒုက္ခသည်တစ်ထောင်ကျော် ခိုလှုံနေတာပါ။ သူတို့က ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ် တစ်ကျော့ပြန်တိုက်ပွဲအတွင်းမှာ လာရောက်ခိုလှုံခဲ့ကြတဲ့ ဒုက္ခသည်တွေ ဖြစ်ပါတယ်။

မူလနေရပ်မှာ နေအိမ်တွေနဲ့ လယ်ခင်းတွေပျက်စီးနေတာကြောင့် နေရပ်ပြန်ဖို့ အခက်အခဲရှိတယ်လို့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

"သူတို့က နေရပ်ပြန်ဖို့ ဖိအားပေးပြီး လာပြောတယ်။ နေရပ်ပြန်ရင် ပိုက်ဆံ ခြောက်သိန်းနဲ့ ရိက္ခာ တစ်လစာပေးမယ်လို့ ပြောပါတယ်။ ကျနော်တို့ကတော့ မပြန်ချင်ဘူး။ ရွာကို စွန့်ခွာလာခဲ့တာကြာပြီ။ ကျနော်တို့မှာ ဘာမှမရှိတော့ဘူး။ အိမ်လည်းမရှိတော့ဘူး။ စိုက်ခင်းတွေလည်းမရှိတော့ဘူး။ အဲဒီမှာ ကျနော်တို့ ဘာလုပ်စားရမှာလဲ"

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား အပစ်အခတ် ရပ်စဲထားပေမယ့် ကျေးရွာတွေအနီးမှာ စစ်ကောင်စီတပ်သားတွေ နေရာယူထားဆဲ ဖြစ်သလို မြေမြှုပ်မှိုင်းအန္တရာယ်လည်းရှိနေတယ်လို့ သူကပြောပါတယ်။

လက်ရှိမှာ ဒုက္ခသည်တွေက သူတို့နေရပ်မပြန်နိုင်သေးတဲ့အကြာင်းကို ရခိုင်ပြည်နယ် စစ်ကောင်စီဆီ သနားခံစာတင်ဖို့ ပြင်ဆင်နေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိသေးပါဘူး။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ ၂၀၂၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် တစ်သိန်းနီးပါး ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။