ထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွေမှာ လူစာရင်း ပြန်လည်ကောက်ခံ
2011.07.30
မကြာသေးခင် ရက်ပိုင်းက UNHCR ရဲ့ ညွှန်ကြားချက်အရ အုန်းဖြန် ဒုက္ခသည်စခန်းအတွင်း စခန်းကော်မတီနဲ့ ရပ်ကွက်မှူးတွေ မနေ့က အစည်းအဝေးတရပ် ပြုလုပ်ပြီး ဒီအကြောင်းကို ဆွေးနွေးခဲ့တယ်လို့ စခန်းကော်မတီတဦးက ပြောပါတယ်။
“တစ်အချက်က ကျနော်တို့ UN တွေ ကျကျန်ခဲ့တာတွေ ရှိတယ်။ ဥပမာ မိသားစု တချိန်တုန်းက ဒီ၂ဝဝဝ ခုနှစ်မှာ ရိုက်ခဲ့တယ်၊ ၁၉၉၈ ခုနှစ်မှာ ရိုက်ခဲ့တယ်၊ ပြီးတော့ ၂ဝဝ၅ ခုနှစ်မှာ ရိုက်ခဲ့တယ်။ ပြီးတော့ နောက်ဆုံး တတိယနိုင်ငံ ထွက်ပိုင်ခွင့်ရှိတဲ့ အချိန်တုန်းက၊ ဒီ ၂ဝဝဝ ခုနှစ်မှာ ရိုက်ထားခဲ့တုန်းက တချို့တွေက သားသမီးတွေက ပြန်ရောက်မလာဘူး။ အဲဒီမှာ တယောက်စ နှစ်ယောက်စတွေက ကျန်ခဲ့တာတွေ ရှိတယ်ဗျာ။ အဲဒါတွေ စာရင်းတခု၊ ပြီးတော့ POC စာရင်းဆိုတာ တခု”
ဒီအစီအစဉ်အရ အရင်က စခန်းမှာ စာရင်းသွင်းထားပြီး UN က လာရောက် မှတ်တမ်းယူတဲ့အခါမှာ စခန်းတွင်း မရှိသူများ၊ ယခင်ကာလက ပညာသင်ကြားနေပြီး အမှတ်စဉ် (၆၃ဝ) နဲ့ စတင်တဲ့လက်မှတ် ကိုင်ဆောင်ထားသူများ အပါအဝင် ၂ဝဝ၅ ခုနှစ်က စပြီး အခု ၂ဝ၁၁ ခုနှစ်အထိ စာရင်းကောက်ခံရာမှာ မပါဝင်တဲ့ လူသစ်တွေလည်း အခုကောက်ခံမယ့် စာရင်းမှာ ပါဝင်မှာ ဖြစ်ပါတယ်။ သြဂုတ်လ ၂ဝ ရက်နေ့မှာ နောက်ဆုံးထား စာရင်းတင်ပြရမယ်လို့လည်း သိရပါတယ်။
မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ ထိုင်းနိုင်ငံ တပ်ခ်ခရိုင် အတွင်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေဟာ လူမျိုးစု လက်နက်ကိုင် သူပုန်တွေကို အထောက်အကူပေးတဲ့ နေရာတွေ ဖြစ်တဲ့အတွက် ဒါတွေကို ရှင်းလင်းပေးဖို့ မြန်မာအစိုးရက တပ်ခ်ခရိုင်ဝန်ကို တောင်းဆိုခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ဒေသ ခရိုင် ၄ ခုမှာ မြန်မာဒုက္ခသည်တွေအတွက် စခန်း ၉ ခု ရှိပြီး လူဦးရေ စုစုပေါင်း ၁ သိန်း ၄ သောင်းကျော် မှီခို နေထိုင်နေကြပါတယ်၊ ဒီအထဲက ၉ သောင်း ၂ ထောင်ကျော်ကိုသာ ဒုက္ခသည်အဖြစ် UNHCR က အသိအမှတ်ပြု လက်ခံထားကြောင်း သိရှိရပါတယ်။