အမေရိကန်ဒေါ်လာ သန်း ၅ဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေကို မြန်မာဖျက်ဆီး
2016.06.26

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်နှစ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ကာလတန်ဖိုး အမေရိကန် ဒေါ်လာ သန်းပေါင်း ၅ဝ ကျော်ဖိုးခန့်ကို အာဏာပိုင်တွေက ဒီကနေ့ ရန်ကုန်၊ တောင်ကြီး၊ မန္တလေး၊ စတဲ့ မြို့ကြီးတွေမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့မူးယစ်ဆေးဝါးပြဿနာဟာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပတ်သက်နေပြီး ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းတွေကတဆင့် မူးယစ်ဆေးဝါးပြဿနာကို လျော့နည်းပပျောက်အောင် ဆောင်ရွက်ဖို့ ကြိုးစားနေကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေက နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးတိုက် ဖျက်ရေးနဲ့ တရားမဝင်ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားပါတယ်။
"ကျနော်တို့နိုင်ငံရဲ့ မူးယစ်ဆေးဝါးပြဿနာဟာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွယ်ပတ်သက်နေတဲ့ ထူးခြားတဲ့သမိုင်းနောက်ခံ အခြေအနေတွေရှိပါတယ်၊ လက်နက်ကိုင်ပဋိပက္ခတွေ နဲ့အတူ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေ၊ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုတွေ ကြီးထွားလာခဲ့တာ ဟာလည်း နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်၊ နယ်မြေဒေသ အေးချမ်းတည်ငြိမ်မှုမရှိတဲ့အတွက် တရားဥပဒေစိုးမိုးရေးကို တည်ဆောက်ရာမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီးရှိခဲ့တာဖြစ်ပါတယ်၊ အခု ၂ဝ၁၆ ခုနှစ်မှာလည်း နိုင်ငံတော်အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများမှတဆင့် ကျနော်တို့နိုင်ငံရဲ့ မူးယစ်ဆေးဝါးပြဿနာကို သိသိသာသာလျော့နည်းကျဆင်းသွားအောင် ဖမ်းနိုင်ဖို့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမှာပဲဖြစ်ပါတယ်"
မူးယစ်ဗဟိုအဖွဲ့အနေနဲ့ မူးယစ်ဆေးဝါးပပျောက်ရေး စီမံကိန်းကို ၁၉၉ဝ ခုနှစ်ကနေ ၂ဝ၁၄ ခုနှစ်အထိ အကောင်အထည်ဖော်ခဲ့ပြီး လက်ရှိအချိန်မှာလည်း မူးယစ်ဆေးဝါး ပပျောက်ရေး ငါးနှစ် စီမံကိန်းကို ၂ဝ၁၄ ခုနှစ်ကနေ ၂ဝ၁၉ ခုနှစ်အထိ ဆောင်ရွက်နေတယ်လို့ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေး နှစ်ပတ်လည်အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ဘိန်းကို ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ၃၁ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၇ ရာခိုင်နှုန်း၊ ရှမ်းပြည် နယ်တောင်ပိုင်းမှာ ၄၂ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်မှာ ၈ ရာခိုင်နှုန်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ၁ ရာခိုင်နှုန်းစီ စိုက်ပျိုးတယ်လို့ ဖော်ပြထားပါတယ်။