ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလုပ်ငန်းစဉ်များကို ဗိုလ်နှုတ်ခမ်းမွေး ထောက်ခံ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မဲ့ ပင်လုံညီလာခံ ခေါ်ယူကျင်းပရေး အစီအစဉ်ကို အပြည့်အဝ ထောက်ခံ အားပေးပြီး ပူးပေါင်း ဆောင်ရွက်လိုကြောင်းနဲ့ အောင်မြင်အောင် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တိုက်တွန်းလိုကြောင်း DKBA တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွေး (ခေါ်) ဗိုလ်မှူးချုပ် စောလားပွယ်က နိုဝင်ဘာ ၁၈ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။

2010.11.18
dkba_colonel_saw_lah_pwe_305_z.png တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) မှ ဗိုလ်နှုတ်ခမ်းမွေး ခေါ် ဗိုလ်မှူးကြီး စောလားပွယ်သည် မြန်မာစစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးမှုကို လက်မခံသည့် တပ်မဟာ ၅ တပ်မှူး ဖြစ်ပါသည်။ (RFA)
(RFA)

“ထောက်ခံပါတယ်၊ အမြန်ဆုံး သွားဖို့လည်း တိုက်တွန်းပါတယ်။ ဒီ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း တိုင်းရင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ အမြန်ဆုံးတွေ့ဆုံမယ်၊ တိုက်တွန်းမယ်ဆိုရင် ကျွန်တော့ကိုလည်း သူ တွေ့ဆုံမယ်ဆိုလို့ရှိရင် ကျွန်တော်လည်း သွားတွေ့ဆုံမှာပေါ့နော။”

အခုရက်ပိုင်း ဒီကေဘီအေ တပ်တွေနဲ့ မြန်မာစစ်အစိုးရတပ်တွေအကြား နယ်စပ်ဒေသတွေမှာ တိုက်ပွဲငယ်လေးတွေ ကြိုကြား ဖြစ်ပွားနေဆဲပဲလို့ သိရပါတယ်။

ဗိုလ်မှူးချုပ် စောလားပွယ် ဦးဆောင်တဲ့ ဒီကေဘီအေ တပ်တွေဟာ စစ်အစိုးရ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ ကရင်ပြည်နယ် မြဝတီမြို့ကို လက်နက်စွဲကိုင် ဝင်ရောက်ခဲ့ပြီး အဓိကကျတဲ့ အစိုးရ ရုံးနေရာတွေကို နာရီပေါင်း အတန်ကြာ ထိန်းချုပ် သိမ်းပိုက်ထားခဲ့ပါတယ်။

ဒီနောက် ဒီကေဘီအေ တပ်တွေနဲ့ စစ်အစိုးရတပ်တွေအကြား မြဝတီနဲ့ ဘုရားသုံးဆူဒေသတွေမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့တဲ့အတွက် သောင်းနဲ့ချီတဲ့ မြဝတီဒေသခံတွေ ထိုင်းနိုင်ငံဖက် ဝင်ရောက်ခိုလှုံခဲ့ရပြီး အရပ်သားပြည်သူတချို့ပါ ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။

ဒီကေဘီကေအဖွဲ့ နိုင်ငံရေးရပ်တည်ချက်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုနဲ့ ပြည်တွင်း နိုင်ငံရေးအခြေအနေအပေါ် သဘောထား၊ KNU ကြေညာချက်အတု ထွက်ပေါ်ခဲ့တဲ့အပေါ် အမြင်စတာတွေနဲ့ ပတ်သက်ပြီး ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွေး (ခေါ်) ဗိုလ်မှူးချုပ် စောလားပွယ်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။