နိုင်ငံရေး ဆွေးနွေးပွဲလုပ်ဖို့ ရှမ်းခေါင်းဆောင်တွေ တိုက်တွန်း


2013.06.12
yet-sit-305.jpg ရန်ကုန် SNLD ရုံးချုပ်ကို ဇွန်လ ၁၂ ရက်နေ့က ရောက်ရှိ လာသော RCSS/SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် ကို တွေ့ရစဉ်
photo: RFA/ Kyaw Zaw Win

မြန်မာနိုင်ငံမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးဖြစ်ပေါ်လာရေး အပါအင် အချက်သုံးချက်ပါတဲ့ ကြေညာချက်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့ ဒီကနေ့ သဘောတူ ထုတ်ပြန်လိုက်ကြပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ ရှမ်းပြည်တောင်ပိုင်း တပ်မတော်ဟာ ဒီကနေ့ညနေပိုင်းက ရန်ကုန်မြို့ SNLD ရုံးခန်းမှာ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ တွေ့ဆုံအပြီး ဒီသဘောတူညီချက်ကို ထုတ်ပြန်ခဲ့တာလို့ SNLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောပါတယ်။

"နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးဖြစ်ပေါ်ဖို့အတွက် RCSS နဲ့ SNLD ပူးပေါင်းပြီး ဘယ်လိုအစိုးရကို တိုက်တွန်းမလဲ၊ ထိုင်းနိုင်ငံနဲ့ တခြားပြည်ပကိုရောက်ရှိနေတဲ့ ရှမ်းပြည်နယ်သားတွေ အမြန်ဆုံးပြန်ဝင်လာနိုင်ပြီးတော့မှ မှတ်ပုံတင်တွေ လုပ်ပေးနိုင်ဖို့အတွက် ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ၊ ထောင်ထဲမှာရောက်နေကြ တဲ့ နိုင်ငံရေးအကျဉ်းသားတွေ နောက် RCSS/SSA အဖွဲ့သားတွေလည်း ရှိတာပေါ့နော်၊ အဲအဖွဲ့သားတွေ အမြန်ဆုံးပြန်လွှတ်ဖို့ နောက်တခြားနိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်ပေးဖို့လည်းပါတယ်"

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအင် နိုင်ငံရေးအင်အားစုတွေ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စိုင်းလှက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး RCSS ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ တွေ့ဆုံခဲ့ရာမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ထားရှိသွားဖို့ သဘောတူညီခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။