တိုက်ပွဲကြောင့် ရသေ့တောင်က ရွာသား‌လေးရာကျော် စစ်တွေကိုထွက်ပြေး

မင်းသိန်းအောင်
2019.12.30

ရသေ့တောင်မြို့နယ် တောင်ဦးဘက်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ တပ်မတော်တို့အကြား တိုက်ပွဲဖြစ်လို့ ဒေသခံ ၄၀၀ ကျော်လောက်ဟာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့တွေက စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။

သူတို့ကို လောလောဆယ်မှာတော့ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် ဓမ္မာရာမဘုန်းတော်ကြီးကျောင်းမှာ ယာယီ နေရာချထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က ရသေ့တောင်မြို့နယ် တောင်ဦးအနီးမှာ အပြန်အလှန်တိုက်ပွဲဖြစ်ပြီးနောက် တပ်မတော်က အမြောက်တွေနဲ့ပစ်ကူပေးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီလို အမြောက်ကြီးတွေနဲ့လှမ်းပစ်တာကို ကြောက်လန့်ပြီး ထွက်ပြေးလာခဲ့ကြတာလို့ ဆိုပါတယ်။

ကျနော်တို့က ဒီဇင်ဘာ ၂၈ ရက်နေ့ကတည်းက ထွက်ပြေးလာကြတာ။ တောင်ဦးနားမှာ တိုက်ပွဲဖြစ်လို့ ဟိုကပစ်လိုက် ဒီကပစ်လိုက်နဲ့ ကလေးတွေလည်း အကုန် ထိတ်လန့်ကုန်တယ်။ နောက်တစ်ခါ အဝေးကနေ အမြောက်ကြီးတွေနဲ့လှမ်းပစ်တော့ သက်ကြီးရွယ်အိုတွေက ကြောက်လန့်တာပေါ့။ အဲဒါကြောင့် ထွက်ပြေး လာကြတာ”

အငူမော်ကျေးရွာကနေ မိသားစုနဲ့ထွက်ပြေးလာတဲ့ ဦးမောင်ကံထွန်းက ပြောဆိုခဲ့တာပါ။

စစ်တွေမြို့ကို ထွက်ပြေးလာကြတဲ့ ဒေသခံတွေကတော့ တိုက်ပွဲဖြစ်တဲ့နေရာ အနီးဝန်းကျင်မှာရှိတဲ့ အငူမော်၊ ကုန်တန်း၊ မန်ကျည်းချောင်း၊ ပေါက်တောပြင်၊ သာစည် ကုန်း၊ ကျောက်တန်း စတဲ့ကျေးရွာတွေက ရွာသားတွေဖြစ်ပါတယ်။

အဲဒီအထဲမှာတော့ အငူမော်နဲ့ကုန်တန်း ကျေးရွာတွေကတော့ အများဆုံးဖြစ်ပါတယ်။

အငူမော်ကျေးရွာမှာ အိမ်ခြေ  ၁၀၀ ကျော်ရှိပြီး တစ်ရွာလုံးနီးပါး ထွက်ပြေးလာခဲ့ကြတာလို့ ဆိုပါတယ်။

အငူမော်ကျေးရွာကနေ မိသားစုနဲ့အတူထွက်ပြေးလာတဲ့ ဒေါ်နီနီက အခုလိုပြောပါတယ်။

အခုလို ရမ်းသမ်းပစ်ခတ်လို့ အရပ်သားတွေ ထိခိုက်တတ်ပါတယ်

"အခုလို ရမ်းသမ်းပစ်ခတ်လို့ အရပ်သားတွေ ထိခိုက်တတ်ပါတယ်။ အဲဒါကြောင့် အများကြီး စိုးရိမ်ရပါတယ်။ အခုက အနားမှာ  စစ်ပွဲတွေ အကြီးအကျယ် မဖြစ်ခင် ပြေးလာခဲ့ကြတာပါ။ အများကြီးဖြစ်လာရင်  ပြေးဖို့လမ်း ရှိမှာမဟုတ်တော့ဘူး။ ဘယ်ကိုပစ်လို့ ပစ်မှန်းလည်းမသိပါ။  နေဗီကလည်း ရမ်းပစ်ပါတယ်။ ဒါတွေကို အများကြီးကြောက်ရပါတယ်။  ထိခိုက်မှုမရှိခင်ပြေးလာကြတာ။ အဲဒီနေ့က ၂ ချက်လောက်ပစ်ကတည်းက ကျမတို့  မနေရဲတော့ဘူး”

လက်ရှိမှာ သူတို့ရဲ့စားနပ်ရိက္ခာအတွက် အလှူရှင်တွေက ထောက်ပံ့ပေးထားပါတယ်။

ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးရဲမင်းဦးကတော့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက စာရင်းကိုစောင့်ဆိုင်းနေပြီး စာရင်းရတာနဲ့ အစိုးရဌာနဘက်က ထောက်ပံ့မှုတွေ ဆောင်ရွက်မယ်လို့ ပြောပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်ကတော့ ဒုက္ခသည်တွေအတွက် အစိုးရက ထိထိ ရောက်ရောက် အကူအညီတွေမပေးနိုင်တာကို ဝေဖန်ပါတယ်။

အဓိကကတော့ အစိုးရကူညီပံ့ပိုးဖို့ အများကြီးလိုတယ်။ ရွာအနီးအနားမှာ ကျည်တွေ၊ အမြောက်ဆံတွေကျရင် ဒါကိုအစိုးရက တားပေးဖို့လိုတယ်။ နောက် ကူညီထောက်ပံ့ရေးပစ္စည်းတွေကို မြန်မြန်ဆန်ဆန်ရအောင် အမိန့်တွေထုတ်ပြီး တားဆီးတာမျိုးမလုပ်ဘဲနဲ့ သူတို့ကိုယ်တိုင်က ကူညီပံ့ပိုးရမယ်။ အလှူရှင်တွေကို သူတို့ကိုယ်တိုင်လှုံ့ဆော်ပေးမှ ဒါတွေက အစိုးရအနေနဲ့ တာဝန်ကျေမယ်လို့ယူဆတယ်”

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေနဲ့ဆက်နွယ်ပြီးတော့ ထွက်ပြေးတိမ်းရှောင်နေရသူအရေအတွက်ဟာ တဖြည်းဖြည်း ပိုများလာနေပါတယ်။

ဒီနေ့အထိဆိုရင် စစ်ဘေးဒုက္ခသည်ဦးရေဟာ တစ်သိန်းကျော်အထိ ရှိနေပြီလို့လည်း အကူအညီပေးနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။