ရခိုင်လူငယ်ညီလာခံ ဒုတိယနေ့
2018.05.02

လူဦးရေ ၄၀၀ ကျော် တက်ရောက်နေတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့က ရခိုင်လူငယ်ညီလာခံ ဒီနေ့ ဒုတိယ မြောက်နေ့မှာ မြို့နယ်အသီးသီးက တင်လာတဲ့ စာတမ်းတွေကို ဆွေးနွေးဖတ်ကြားခဲ့ကြပါတယ်။
မောင်တောနယ်စပ်ဒေသမှာ လူငယ်တွေအကြား မူးယစ်ဆေးဝါးပြဿနာ တွေကြုံတွေ့နေရတယ်ဆိုတဲ့ အကြောင်း ဆွေးနွေးမှုတွေရှိတယ်လို့ ညီလာခံဖြစ်မြောက်ရေးအဖွဲ့က ကိုမျိုးဆန်းအောင် က ပြောပါတယ်။
"ဒီနေ့ဒုတိယနေ့ကတော့ မြို့နယ်တွေက တင်သွင်းလာတဲ့ စာတမ်းတွေကို ကျနော်တို့ဖတ်ကြားတဲ့ အစီအစဉ်ပေါ့၊ အဓိကက လူငယ်တွေ အတန်းပညာရေးပေါ့၊ သင်ကြားခွင့်မရတဲ့ဟာတွေ ပြီးတော့ လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးနေတဲ့ကိစ္စတွေ ပြီးတော့လက်ရှိရခိုင်လူငယ်တွေ လက်ရှိကြုံတွေ့နေရတဲ့ မူးယစ်ဆေး ဝါးပြဿနာတွေပေါ့၊ အထူးသဖြင့် မောင်တော၊ ဘူးသီးတောင်ဘက်က လူငယ်တွေကြုံတွေ့နေရတဲ့ပြဿနာများ၊ မူးယစ်ဆေးဝါးကဏ္ဍမှာတော့ တော်တော်ဆိုးနေတဲ့ပုံစံမျိုးတော့ ကျနော်တို့တွေ့တယ်ဗျ"
ရခိုင်လူငယ်ညီလာခံကို မေလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ တောင်ကုတ်မြို့မှာ ကျင်းပပြုလုပ်နေတာပါ။
ဒီညီလာခံမှာ လူငယ်နဲ့ နိုင်ငံရေး၊ လူငယ်နဲ့ပညာရေး၊ လူငယ်နဲ့အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်နဲ့မူးယစ်ဆေးဝါး စတဲ့ကဏ္ဍတွေကို အဓိက ဆွေးနွေးကြမှာဖြစ်တယ်လို့သိရပါတယ်။
လူငယ်တွေကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဆက်လက်ဆွေးနွေးမှာဖြစ်တယ်လို့လည်း ကိုမျိုးဆန်းအောင်က ပြောပါတယ်။
အဲဒီရခိုင်လူငယ်ညီလာခံမှာ ကချင်၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်ပြည်နယ် စတဲ့ဒေသတွေက ရခိုင်လူငယ်တွေ အပါအဝင်၊ မြို၊ သက်၊ ခမီ၊ ဒိုင်းနက် စတဲ့မျိုးနွယ်စုတွေပါ တက်ရောက်ပြီး ဆွေးနွေးနေကြတာဖြစ်ပါတယ်။