ကမန်နဲ့ မာရမာကြီး တိုင်းရင်းသားကိုယ်စားလှယ်တွေ ညီလာခံ တက်ရောက်ခွင့်မရ
2018.04.28

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မေလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပမယ့် ရခိုင်လူငယ်ညီလာခံကို လုံခြုံရေးပြဿနာတွေရှိနေတာကြောင့် ကမန်နဲ့ မာရမာကြီး တိုင်းရင်းသားတွေကို ကိုယ်တိုင်တက်ရောက်ခြင်း မပြုတာဖြစ်ကြောင်း ညီလာခံဖြစ်မြောက်ရေးအဖွဲ့က အကြောင်းကြားလိုက်ပါတယ်။
ရခိုင်လူငယ်ညီလာခံကို ကိုယ်စားလှယ်တွေ ကိုယ်တိုင်မတက်ရောက်ပေမယ့် စာတမ်းကိုတော့ ပေးပို့သွားမယ်လို့ ကမန်တိုင်းရင်းသား လူငယ်ကွန်ရက် ဥက္ကဌ ဦးထွန်းငွေက ပြောပါတယ်။
"အခု ဒီနေ့မနက်ပဲ ကျနော့်ဆီကို ဖိတ်စာပို့ပေးပါတယ်။ ဒါပေမဲ့လို့ ကျနော်တို့ကလည်း လုံခြုံရေးအရဆိုလို့ရှိရင် ကျနော်တို့ မတက်ရောက်ဘဲ စာတမ်းပို့ပေးနိုင်လို့ရှိရင်လည်း စာတမ်းပို့ပေးမယ်။ နောင် ညီလာခံ အမြဲတမ်းလုပ် မယ့်အပိုင်းမှာ ကမာတိုင်းရင်းသားများကို အကုန်လုံးတက်ရောက်နိုင်တဲ့နေရာကို ရွေးချယ်ပြီးလုပ့်ပါ့မယ်လို့ ကျနော်တို့ကို ကတိကဝတ်ပေးထားတာရှိပါတယ်။ စာတမ်းတင်ဖို့ အစီအစဉ်ရှိပါတယ်။ မနက်ဖြန် ကျနော်တို့ အပြီးသတ် စာတမ်းရေးပြီးတော့ မနက်ဖြန် ညနေပိုင်းအရောက် ပို့ပေးဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်"
တောင်ကုတ်မြို့မှာ ရခိုင်၊ မြို၊ သက်၊ ခမီ၊ ဒိုင်းနက် စတဲ့ ရခိုင်မျိုးနွယ်စုဝင် ၇ မျိုးနဲ့ အရပ်ဘက်အဖွဲ့တွေ၊ ပညာရှင်တွေ ပါ ကိုယ်စားလှယ်ပေါင်း ၄ဝဝ လောက်ဖိတ်ခေါ်ပြီး ရခိုင်လူငယ်ညီလာခံ ကျင်းပဖို့စီစဉ်ထားတာပါ။
တောင်ကုတ်မြို့ရဲ့အခြေအနေအရ တချို့မျိုးနွယ်စုတွေကို ညီလာခံတက်ရောက်ဖို့ ဖိတ်ကြားခြင်းမပြုဘူးလို့ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလက မာန်အောင်မြို့မှာ ကျင်းပခဲ့တဲ့ ညီလာခံအကြို ဆွေးနွေးပွဲတစ်ခုမှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ဆုံးဖြတ်ခဲ့ကြတာကြောင့် တက်ရောက်ဖို့ မဖိတ်ခဲ့တာလို့ ညီလာခံဖြစ်မြောက်ရေးအဖွဲ့က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ပြဿနာတွေရှိနေသလို ရှေးအစဉ်အဆက် ကပင် အမြင်မကြည်လင်မှုတွေရှိတာကြောင့် ကမန်နဲ့ မာရမာကြီး တိုင်းရင်းသားတွေရဲ့ ရုပ်ရည်သွင်ပြင်အနေ အထား အချို့ဟာ မွတ်စလင်တွေနဲ့ အထင်မှားနိုင်တာကြောင့် အခုညီလာခံမှာ ပြဿနာတစ်ခုခုဖြစ်လာမှာကို စိုးရိမ်တာ လို့လည်း ဒေသခံတွေက ပြောပါတယ်။