တိုက်ပွဲတွေကြားက ရွာဟောင်းတောရွာ

မင်းသိန်းအောင်
2019.12.26
yarhongtaw-622.jpg ‌မြောက်ဦးမြို့ လက်ကောက်ဈေးကျောင်းမှာခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့အရှေ့ဘက်မှာ တပ်မတော်နဲ့  အေအေအဖွဲ့တို့အကြား မကြာခဏဆိုသလို တိုက်ပွဲဖြစ်လေ့တဲ့အတွက် မြို့အရှေ့ဘက်က ရွာဟောင်းတောကျေးရွာက ရွာသားတွေဟာ စစ်ဘေးကို ကြောက်လန့်ထွက်ပြေးကြလို့ အိမ်ခြေ ၂၀၀ ကျော်အနက် အိမ်ခြေ ၃၀ ခန့်ပဲ လူကျန်ပါတော့တယ်။

ရှေးဟောင်း ကိုးသောင်းဘုရားအနီးမှာရှိတဲ့ ရွာဟောင်းတောကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်နဲ့ လူဦး ရေ ၁၂၀၀ ကျော်ရှိတာပါ။

ဒီရွာဟာ ရခိုင်စစ်ရေးပဋိပက္ခအတွင်း စစ်ရေးအရ အရေးပါတဲ့ မြောက်ဦး-ပန်းမြောင်း လမ်းပေါ်မှာရှိတဲ့ ရွာဖြစ်ပြီး AA အဖွဲ့နဲ့ အစိုးရတပ်မတော်တို့ဟာ ရွာနဲ့မလှမ်းမကမ်းမှာ မကြာခဏဆိုသလို တိုက်ပွဲဖြစ်လေ့ရှိပါတယ်။

ရွာနဲ့မလှမ်းမကမ်းမှာရှိတဲ့ တံတားအနီးမှာ တပ်မတော်စစ်ကြောင်းတွေကို အေအေအဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ ကျင်းတွေ ၁၀ ခုထက်မနည်း တွေ့ရပါတယ်။

ရွာသားတွေက ပြီးခဲ့တဲ့ မတ်လကတည်းက နီးစပ်ရာ ကယ်ဆယ်ရေး စခန်းတွေဆီကို  ထွက်ပြေးတိမ်းရှောင်သွားကြတာပါ။

အခုဆိုရင် အိမ်ခြေ ၃၀ နဲ့ လူ ၁၀၀ ခန့်လောက်ပဲ ကျန်ပါတော့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော်က ပြောပါတယ်။

“မတ်လလောက်ကစပြီး ထွက်ပြေးကြတယ်။ စစ်ပွဲတွေနည်းနေချိန်မှာ ပြန်လာကြတယ်။ သွားလိုက်လာလိုက် ဖြစ်နေခဲ့ကြတာ ဇူလိုင်လလောက်က အကုန်ထွက်ပြေးကြရတာပါ။ သွားလိုက်လာလိုက် ဖြစ်ရင်သွားတယ်။ ပြန်လာကြတယ်။ အခုတော့ အိမ်ခြေ ၃၀ လောက်ပဲရှိပါတယ်”

တပ်မတော်စစ်ကြောင်းတွေက ကျေးရွာတွေနဲ့ မလှမ်းမကမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရရင် မသင်္ကာတဲ့ နေရာတွေ ပြန်လည်ပစ်ခတ်လေ့ရှိတာကြောင့် စစ်ရေးနဲ့မသက်ဆိုင်တဲ့ ဒေသခံတွေ အထိနာလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က ကျေးရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့်  နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရသလို ရွာသားအချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့ကလည်း ရွာထဲကိုပစ်ခတ်ခံရလို့ ရွာထဲမှာရှိတဲ့ ကိုးနှစ်အရွယ်ကလေးတစ်ဦး အပါအဝင် ရွာထဲမှာရှိတဲ့လူ သုံးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တပ်မတော် ပြောခွင့်ရသူတွေကတော့ ရွာထဲကိုပစ်ခတ်တာမရှိကြောင်း  ငြင်းဆိုထားကြပါတယ်။ အခုတော့ ရွာသားတွေဟာ မြို့ပေါ်မှာရှိတဲ့ ကယ်ဆယ်ရေးစခန်းတွေဆီကို ထွက်ပြေးတိမ်းရှောင်နေကြရလို့ လူမနေတဲ့အိမ်တွေမှာ ချုံနွယ်တွေပေါက်နေတာကြောင့် ရွာပျက်တစ်ခုလိုဖြစ်နေပါတယ်။

ထွက်မပြေးဘဲ ရွာမှာကျန်ရစ်ခဲ့တဲ့ ဦးစံဂိုးအောင်က သူတို့ရဲ့အခြေအနေတွေကို အခုလို ပြောပြပါတယ်။

“ပစ်သံကြားရင် ပုန်းနေရ၊ ဝှက်နေရ၊ ပြားပြားဝပ်နေကြရတယ်။ ဟိုဘက်အပိုင်းကဆိုရင်  အိမ်ခေါင်မိုးတွေ ပေါက်သွားတယ်။ ဗုံးပေါက်သံကြားတာနဲ့ ပစ်ကြတယ်။ ရွာကလူတွေကတော့ အကာအကွယ် ယူပြီးပြားပြားဝပ်နေကြရတယ်။ ပစ်သံကြားတာနဲ့ လူတွေက စုပြီးနေကြရတယ်။ တစ်ယောက်တည်းလည်း မနေရဲကြဘူး။ အခုလည်း အရှေ့ဘက်ကအတန်းမှာ လူတွေမရှိကြတော့လို့ ရွာအတွင်းပိုင်းမှာ စုပြီးနေကြရတယ်”

မြောက်ဦးမြို့နယ်မှာ ရွာဟောင်းတောကျေးရွာ အပါအဝင် နှစ်ဘက်တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေကြရတဲ့ လူဦးရေပေါင်း ၁၃၀၀၀ ကျော်ရှိတယ်လို့  အကူအညီပေးနေသူတွေ က ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကတော့ စစ်ရေးပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ဆိုတာ နှစ်ဘက်အဖွဲ့တွေရဲ့ သဘောထားအပေါ်မှာမူတည်ပြီး အစိုးရကတော့ နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေကို အတတ်နိုင်ဆုံးအကူအညီတွေပေးနေတယ်လို့ ပြောပါတယ်။

ရွာဟောင်းတောကျေးရွာဟာ အမြောက်ပစ်သံတွေ၊ တိုက်ပွဲသံတွေကြားမှာ ဆိတ်ငြိမ်နေပါတယ်။
ကျေးရွာထဲကို နောက်ထပ်ဘယ်အချိန်မှာ ပစ်ခတ်ခံရမလဲဆိုတာကိုလည်း ကျေးရွာသားတွေက ရင်တထိတ်ထိတ်နဲ့ စိုးရိမ်နေကြတာကို တွေ့ရပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) ရဲ့ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ စစ်ရေးကြောင့်  နေရပ်စွန့်ခွာထွက်ပြေးနေရသူဟာ  တစ်သိန်းနီးပါးအထိ ရှိနေပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။