ရခိုင်ကော်မရှင်အဖွဲ့ဝင်နှစ်ဦး ဘင်္ဂလားဒေ့ရှ်နယ်စပ်အခြေအနေ ကို သွားရောက်လေ့လာ


2017.01.29
ayelwin-620.jpg ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖဲ့ွဝင် ဦးအေးလွင် ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းမြနဲ့ ဦးအေးလွင်တို့ဟာ ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်က အခြေအနေတွေကို လေ့လာဖို့အတွက် မနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာသွားပါတယ်။

ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်း ကော်မရှင်အဖွဲ့ဝင် ၂ ဦးက ရခိုင်အရေးနဲ့ပတ်သက်ပြီး သတင်းမီဒီယာ တွေမှာ ဖော်ပြနေတဲ့သတင်းတွေကို အမှားအမှန် လေ့လာသုံးသပ်သွားမှာဖြစ်တယ်လို့ ရခိုင်အကြံပေး ကော်မရှင် အဖွဲ့ဝင်နောက်တစ်ဦးဖြစ်တဲ့ ဒေါ်စောခင်တင့်က ပြောပါတယ်။

"ဒေသတွင်းနိုင်ငံတွေအနေနဲ့ ကျမတို့ ကွင်းဆင်းပြီးတော့ မြေပြင်အနေအထားတွေ သိဖို့လိုတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အစီအစဉ်နဲ့ သွားတာပါ။ အဲဒီတော့ ဟိုဒေသမှာလည်း တွေ့သင့် တွေ့ထိုက်တဲ့သူတွေ အကုန်လုံးနဲ့ တွေ့ဖို့ရယ်၊ မြေပြင်အခြေအနေတွေ ဘယ်လိုဖြစ်နေလဲ၊ ပြောနေတဲ့ စကားတွေ အပေါ်မှာ၊ မီဒီယာ အပေါ်မှာ မှားနေတဲ့ဟာတွေ၊ မှန်နေတဲ့ဟာတွေ ဘယ်လောက်ရှိနေလဲ၊ ဒါတွေကိုလည်း အကုန်လုံး လေ့လာသုံးသပ်ဖို့နော်၊ ဒေသခံလူတွေနဲ့ လည်း တွေ့ဖို့ သွားကြတာပါ။"

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင်တွေဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ နေထိုင်နေသူတွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရခိုင်တိုင်းရင်းသားတွေ၊ ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူတွေအပါအဝင် တွေ့ဆုံသင့်သူတွေနဲ့ တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ရခိုင်အကြံပေးကော်မရှင်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင် အာဆီယံ ဒေသတွင်း နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားကိုလည်း အဖွဲ့ဝင် နှစ်ဦး စေလွှတ်ခဲ့ပြီး မလေးရှားနိုင်ငံ ကိုလည်း ကော်မရှင်အဖွဲ့ဝင်တွေကို ထပ်ပြီးတော့ စေလွှတ်ဖို့ရှိတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က ဖွဲ့စည်းခဲ့ တာဖြစ်ပါတယ်။

အဲဒီကော်မရှင်ဟာ သူတို့ရဲ့ လေ့လာတွေ့ရှိချက်တွေကို ဒီနှစ် သြဂုတ်လ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကနေတဆင့် အစိုးရ အဖွဲ့ကို တင်ပြရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။