မောင်တောဒေသ လုံခြုံရေး စိတ်ချရတယ်လို့ ဦးသောင်းထွန်း ပြော
2018.08.26

ရခိုင်ပြည်နယ် မောင်တောဒေသကို ARSA အကြမ်းဖက်တိုက်ခိုက်မှုတွေ တကျော့ပြန်ဝင်ရောက်မယ်ဆိုတဲ့ သတင်းတွေကြောင့် လုံခြုံရေးကို စိတ်ချရတဲ့အခြေအနေဖြစ်အောင် စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံ အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက ဒီနေ့ ပြောလိုက်ပါတယ်။
UEHRD နဲ့ ILBC တို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် စက်မှုဇုံ ၁ ထဲမှာ ရွေ့လျားဆေးကုသ ခန်း လှူဒါန်းတဲ့ အခမ်းအနားကို တက်ရောက်လာစဉ်မှာ ဦးသောင်းထွန်း က ပြောခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကလည်း ARSA အကြမ်းဖက်သမားတွေ ဝင်ရောက်တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ အပေါ် စိုးရိမ်စရာမရှိကြောင်း ပြောခဲ့ပါတယ်။
ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူညီပေးရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ UEHRD ရဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံအမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်း ထွန်း၊ UEHRD ညှိနှိုင်းရေးမှူးချုပ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာအောင်ထွန်းသက်တို့ဟာ သြဂုတ်လ ၂၆ ရက် ဒီနေ့ မနက်က ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံ စက်မှုဇုန် ၁ မှာ ရွေ့လျားဆေးကုသခန်း လှူဒါန်းပွဲကို တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
မောင်တောဒေသကို ARSA အကြမ်းဖက်အဖွဲ့ တိုက်ခိုက်မှု တစ်နှစ်ပြည့်အထိမ်းအမှတ်နဲ့ အကြမ်းဖက် သမားတွေကြောင့် သေဆုံးခဲ့သူတွေကို အမျှပေးဝေတဲ့ အခမ်းအနားကို မနေ့က စစ်တွေမြို့မှာ ရခိုင်အမျိုးသား ပါတီက ဦးဆောင်ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့ကလည်း အကြမ်းဖက်တိုက်ခိုက်မှုကာလအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဟိန္ဒူဘာသာဝင် ၁၁၃ ဦးအတွက် တစ်နှစ်ပြည့်ဆုတောင်းပွဲကို မောင်တော မြို့မှာ ကျင်းပခဲ့ကြပါတယ်။ တချိန်တည်းမှာလည်း မြန်မာလုံခြုံရေးတပ်တွေက နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ နဲ့ မွတ်စလင်ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တစ်နှစ်ပြည့်အထိမ်းအမှတ် ပွဲတွေကို ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ကျင်းပခဲ့ကြပါတယ်။