တရုတ်ပိုက်လိုင်း စီမံကိန်းမြေသိမ်း မှု လျော်ကြေးပေးဖို့ တောင်သူတွေ ဆန္ဒပြတောင်းဆို


2015.09.25
rakhine-cnpc-protest-620.jpg တရုတ်နိုင်ငံကို သွယ်တန်းထားတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကြောင့် လယ်ဧက ၃၅ဝ လောက် ပျက်စီးခဲ့တဲ့အတွက် အမ်းမြို့မှာ စက်တင်ဘာလ ၂၅ ရက်နေ့က ဆန္ဒပြတောင်းဆိုကြစဉ်
Photo: Kyaw Htoon Naing/RFA

တရုတ်နိုင်ငံကို သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကြောင့် ရခိုင်ပြည်နယ် အမ်းမြို့နယ် တောင်ဖီလာကျေးရွာအုပ်စုမှာ လယ်ဧက ၃၅ဝ လောက် ပျက်စီးခဲ့တဲ့အတွက် အဲ့ဒီလယ်တွေ အတွက် လျော်ကြေးငွေရရှိဖို့ ဒေသခံ ၂ဝဝ လောက်က အမ်းမြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ လယ်ယာမြေတွေအတွက် CNPC ကုမ္ပဏီနဲ့ အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့် တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ဒေသခံ ဦးမျိုးလွင်က ပြောပါတယ်။

"ပိုက်လိုင်းစီမံကိန်းကြောင့် နောက်လိုက်တဲ့စက်ယန္တယားတွေကြောင့် ကျနော်တို့ တာဘောင်တွေ ပျက်စီးနေတာ၊ နောက်မွေးမြူရေးကန်မှာရှိတဲ့ ပုဇွန်တွေက သေနေတာ၊ နောက်ပုဇွန်မွေးမြူဖို့အတွက် ကျနော်တို့ မအောင်မြင်ဖြစ်တယ်၊ လယ်ယာမြေတွေ ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးသွားတဲ့အတွက်ကြောင့် ကျနော်တို့ တောင်းဆိုရခြင်းဖြစ်တယ်၊ ကျနော်တို့တောင်းထားတဲ့ တောင်းဆိုချက်တွေကို CNPC ကုမ္ပဏီရော အစိုးရအနေနဲ့ရော တာဝန်ယူမှု တာဝန်ခံမှုအသိနဲ့ တောင်သူတွေရဲ့တောင်းဆိုချက်ကို မလိုက်လျောနိုင်ဘူး ဆိုရင် ဒီထက်မြှင့်တင်တဲ့လှုပ်ရှားမှုတွေကို ဥပဒေနည်းနည်းလမ်းအရ ဥပဒေဘောင်အထဲက လုပ်ဆောင်သွား ဖို့ဖြစ်ပါတယ်"

အမ်းမြို့နယ် တောင်ဖီလာ ကျေးရွာအုပ်စုက ဆယ်ရှဉ်းလုပ်ကျေးရွာမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို CNPC ကုမ္ပဏီက လွန်ခဲ့တဲ့ ၂ဝ၁၁ ခုနှစ်မှာ အကောင်အထည်ဖေါ်ခဲ့တာဖြစ်ပါတယ်။

ပိုက်လိုင်းစီမံကိန်းကြောင့် တောင်ဖီလာကျေးရွာအုပ်စုက ပုဇွန်ကန်တွေရဲ့ တာဘောင်တွေပျက်စီးပြီး ပုဇွန်မွေးဖြူရေးလုပ်ငန်း လုပ်ကိုင်လို့မရတော့တာကြောင့် စပါးစိုက်ပျိုးရေးကို ပြောင်းလဲလုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် လယ်ယာမြေတွေထဲကိုလည်း ဆားငံရေတွေဝင်ပြီး ပျက်စီးခဲ့တဲ့အတွက် လျော်ကြေးငွေပေးဖို့ကို CNPC ကုမ္ပဏီ၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း MOGE ၊  မြို့နယ်မြေစာရင်းဦးစီးဌာနက တာဝန်ရှိ သူတွေနဲ့ ဒေသခံတွေက ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ပြေလည်မှုမရခဲ့ တာကြောင့် ဆန္ဒပြကြတာဖြစ်ပါတယ်။

ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သွားတဲ့ လမ်းကြောင်းပေါ်က မြေတွေအတွက် ၁ ဧကကို သိန်း ၃ဝ နှုန်းနဲ့ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်က လျော်ကြေးပေးခဲ့ပေမယ့် ပိုက်လိုင်းကြောင့် အနီးအနားက ပျက်စီးသွားတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးမပေးခဲ့ဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။