ပုဏ္ဏားကျွန်းကနေ စစ်တွေမြို့ပေါ် ထွက်ပြေးလာရတဲ့ ဒေသခံ ၁၀၀ ကျော် အကူအညီလိုအပ်နေ

RFA Burmese
2022.11.27
ပုဏ္ဏားကျွန်းကနေ စစ်တွေမြို့ပေါ် ထွက်ပြေးလာရတဲ့ ဒေသခံ ၁၀၀ ကျော် အကူအညီလိုအပ်နေ စစ်တွေမြို့ပေါ် ရှိ နေရပ်စွန့်ခွာထွက်ပြေးလာသူများကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ်။
မေတ္တာရောင်ခြည် ဖောင်ဒေးရှင်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းဖြစ်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ တိုက်ပွဲတွေကြောင့် စစ်တွေမြို့ပေါ်ကို ထွက်ပြေးလာရတဲ့ ဒေသခံ ၁၀၀ နီးပါးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်တွေမြို့ခံတွေက RFA ကို နိုဝင်ဘာ ၂၇ ရက် ဒီကနေ့မှာ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူ ၉၄ ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ကတည်းက စစ်တွေမြို့၊ တေဇာရာမ ဝိပသာနာဘုန်းတော်ကြီးကျောင်းမှာ နေထိုင်ကြသလို ဗျိုင်းဖြူရွာမှာလည်း နေရပ်စွန့်ခွာလာသူ ၃၉ ဦးရှိတယ်လို့ စစ်တွေမြို့အခြေစိုက် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ကိုလင်းလင်းက RFA ကို ပြောပါတယ်။

“ကျနော်တို့ အသင်းအနေနဲ့ကတော့ ငါးရက်စာ ထောက်ပံ့ပေးထားပါတယ်။ ကူညီပေးမှုအပိုင်းကတော့ လိုအပ်တာပေါ့နော်။ ဒီဘက်မှာ စခန်းကနှစ်ခုရှိတယ်။ ဗျိုင်းဖြူရွာမှာလည်း စစ်ရှောင်စခန်းတစ်ခုရှိတယ်။ အဲဒီမှာလည်း စစ်ဘေးရှောင်တွေ နေကြတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေလည်းပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ မွေးကင်းစ ကလေးတွေလည်းရှိတယ်။ အခုကတော့ တချို့က စပါးတွေရိတ်ဖို့ ပြန်ကြတာလည်းရှိတယ် ”

အခုရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကွမ်းတောင်၊ ငှက်ကြီးကျွန်း စတဲ့ရွာတွေကနေ စစ်တွေမြို့ပေါ်ကို နေရပ်စွန့်ခွာ ထွက်ပြေးလာကြတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲကြောင့် စစ်တွေမြို့ပေါ် ထွက်ပြေးလာရသူတွေကို ဒေသအာဏာပိုင်တွေကလည်း ထောက်ပံ့ကူညီတာမျိုး မတွေ့ရဘူးလို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ် အခြေအနေသိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေအပြင် မြေမြှုပ်မိုင်းကြောင့် နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ နိုဝင်ဘာ ၁၄ ရက်နေ့အထိ လေးရက်အတွင်းမှာတင် ဒေသခံ ၁၂ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ ပုဏ္ဏားကျွန်းမြို့နယ်က ၁၁ ဦးပါဝင်ပြီး ဒဏ်ရာရသူတစ်ဦး၊ မောင်တောမှာ သေဆုံးသူ တစ်ဦးနဲ့ ဒဏ်ရာရသူတစ်ဦး၊ ကျောက်တော်မှာ ဒဏ်ရာရသူ ခုနစ်ဦးနဲ့ မြောက်ဦးမှာ ဒဏ်ရာရသူနှစ်ဦး ရှိခဲ့ပါတယ်။

AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ ရခိုင်ပြည်သူတွေ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာတွေ ကူညီပေးနိုင်ဖို့အတွက် ကြားဝင်စေ့စပ်မှုတွေနဲ့ နိုဝင်ဘာလ ၂၆ ရက် မနေ့ကစပြီး စစ်ကောင်စီတပ်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီလိုက်တယ်လို့ RFA ကို ပြောထားပါတယ်။  

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။