အကြံပေးအဖွဲ့ကို ယုံကြည်ဖို့ ဆူယာကီယတ် ပြောကြား


2018.02.01
rakhine-advisory-board-622 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ Dr. Surakiart Sathirathai တို့ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ်
Photo: Myanmar State Counsellor Office

ရခိုင်ပြည်နယ်ဆိုင်ရာ နိုင်ငံတကာအကြံပေးအဖွဲ့ကနေ အမေရိကန်ဝန်ကြီးဟောင်းလည်းဖြစ်၊ ပြည်နယ်အုပ်ချုပ်ရေး မှူးဟောင်းလည်းဖြစ်တဲ့ Bill Richardson နုတ်ထွက်သွားပေမယ့် အကြံပေးအဖွဲ့ဟာ အများယုံကြည်လက်ခံနိုင်တဲ့ အဖွဲ့ဖြစ်ပါတယ်လို့ အဖွဲ့ဥက္ကဌ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Surakiart က ဗန်ကောက်မြို့ကနေ မနေ့ က ပြောကြားလိုက်ပါတယ်။

ကျန်တဲ့အဖွဲ့ဝင် ကိုးဦးဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်က အကြံပေးထားတာတွေကို ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သူတို့ရှိထားတဲ့ အတွေ့အကြုံတွေကို အသုံးချ အကြံပေးမယ်လို့ Mr. Surakiart က ရိုက်တာသတင်းဌာနကို ပြောကြားပါတယ်။

နိုင်ငံတကာအဖွဲ့ဝင် လေးယောက်ရော မြန်မာအဖွဲ့ဝင် ငါးယောက်ပါ ပြည်တွင်း-ပြည်ပ နှစ်ဖက်စလုံးက ပုဂ္ဂိုလ်တွေ ဟာ အသိုင်းအဝိုင်းဝင်ဆန့်ပြီး ကွန်ရက်တွေအများကြီးရှိတယ်လို့ ကျနော်ယူဆပါတယ်လို့လည်း ပြောပါတယ်။ ကျနော်တို့မှာ အတွေ့အကြုံတွေ အများကြီးရှိပြီး ဒီအတွေ့အကြုံတွေကနေ အကြံပေးပါမယ်လို့ ရိုက်တာသတင်းဌာန နဲ့ မေးမြန်းခန်းမှာ Mr. Surakiart က ပြောပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ နိုင်ငံတကာအကြံပေးအဖွဲ့ကို အဖွဲ့ဝင်ဟောင်း Bill Richardson က ဝေဖန်တာကို ကျန်ရှိတဲ့ အဖွဲ့ဝင် ၉ ဦးက ပယ်ချထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကတော့ Bill Richardson ကို အဖွဲ့ကနုတ်ထွက်ဖို့ ပြောကြားလိုက်တာလို့ သတင်းထုတ်ပြန်ထားတာပါ။

ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Richardson က သတင်းကြီးဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်တာဟာ ကံမကောင်း အကြောင်းမလှတာပါပဲလို့လည်း Mr. Surakiart က သုံးသပ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတာတွေကို နိုင်ငံတကာက အဓိပ္ပာယ်ဖွင့်ဆိုတာနဲ့ ပြည်တွင်းက ဖွင့်ဆိုတာက အကြီးအကျယ်ကွာဟနေတာမို့ ဒီကွာဟချက် ကျဉ်းမြောင်းသွားစေဖို့ အကြံပေးအဖွဲ့က နည်းလမ်းရှာချင်ပြီး ဒါဟာ အဖွဲ့က ဆောင်ရွက်မယ့်အရာတွေထဲက တစ်ခုပါပဲလို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။