နှစ်ဖက်အသိုင်းအဝိုင်း တေ့ွဆုံဆွေးနွေးဖို့ အကြံပြုချက်ကို မောင်တောဒေသခံတွေ ငြင်းဆို


2018.10.10
rakhine-advistory-board-meeting-622 ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ အကြံပေးအဖွဲ့နဲ့ မောင်တောမြို့က ရခိုင် ရပ်မိရပ်ဖတွေ ၂၀၁၈၊ အောက်တိုဘာ ၉ ရက်နေ့က တွေ့ဆုံစဉ်
Photo: RFA

ရခိုင်နဲ့ မွတ်စလင် နှစ်ဘက်အသိုင်းအဝိုင်းနှစ်ခု တေ့ွဆုံဆွေးနွေးဖို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့က ပြောကြားမှုကို မောင်တောဒေသခံတွေက ငြင်းဆိုလိုက်ပါတယ်။

အကြံပေးအဖွဲ့နဲ့ မနေ့က မောင်တောမြို့မှာ တွေ့ဆုံရာမှာ ငြင်းဆိုလိုက်တာလို့ မောင်တောမြို့က ရပ်မိရပ်ဖ တစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်ညွန့်က ပြောပါတယ်။

"ဖြစ်ပေါ်လာခြင်းပြဿနာရဲ့ အရင်းအမြစ်ဟာ အကြမ်းဖက်မှုအပေါ် အခြေခံနေတယ်။ ဒီအကြမ်းဖက်မှု ပပျောက်သွားအောင် ဆောင်ရွက်ရမှာသည် ပဓာနအချက်ဖြစ်တယ်။ ဒါကြောင့် ဒီမြို့ပေါ်မှာ အေးအေးဆေးဆေး နေကြတဲ့ အရင်လည်း အေးအေးဆေးဆေးနေကြတဲ့ ဒီလူတွေနဲ့ ပြဿနာဖြစ်တာမဟုတ်တဲ့အတွက် အသိုင်းအဝိုင်းနှစ်ခု ဆွေးနွေးစရာအကြောင်းဘာမှမရှိဘူး"

အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Mr. Roelf Meyer က အာဖရိကနိုင်ငံက သူ့ရဲ့အတွေ့အကြုံတွေအရ ဖြစ်နိုင်မယ် ဆိုရင် နှစ်ဘက်စလုံးပါဝင်တဲ့ စကားဝိုင်းတွေကို သူကိုယ်တိုင် စီစဉ်ပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဦးအောင်ကျော်ညွှန့်က ပြောပါတယ်။

အကြံပေးအဖွဲ့ဟာ မောင်တောဒေသ လက်ရှိအခြေအနေ၊ ရခိုင်နဲ့ မွတ်စလင် နှစ်ဖက် စကားဝိုင်းတွေ ပြုလုပ်ပြီး ဆွေးနွေးနိုင်မယ့်အခြေအနေနဲ့ လက်ရှိအနေအထားတွေ ပြေလည်အောင် ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အချက် သုံးချက် အပေါ်မှာ ရခိုင်နဲ့ မွတ်စလင် ရပ်မိရပ်ဖတွေနဲ့ သီးခြားစီတွေ့ဆုံပြီး မောင်တောမြို့မှာ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အကြမ်းတဲ့ကိစ္စရပ်တွေကို အစိုးရဘက်က ပပျောက်အောင်ဆောင်ရွက်ဖို့သာ အဓိကကျတဲ့ အကြောင်း ရခိုင် ရပ်မိရပ်ဖတွေက တင်ပြခဲ့ကြတယ်လို့ ဦးအောင်ကျော်ညွန့်က ပြောပါတယ်။

အကြံပေးအဖွဲ့နဲ့ ဆက်လက်တွေ့ဆုံခဲ့ကြတဲ့ မွတ်စလင် ရပ်မိရပ်ဖတွေဘက်ကတော့ ရခိုင်နဲ့မွတ်စလင် နှစ်ဖက် စကားဝိုင်းတွေ ပြုလုပ်နိုင်မယ်ဆိုရင် ရလဒ်ကောင်းတွေ ထွက်ပေါ်လာနိုင်တဲ့အတွက် အဲဒီအချက်ကို သဘောတူခဲ့ကြတယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေး အဖွဲ့ဟာ မောင်တောမြို့နယ်အတွင်းက ကျေးရွာတစ်ချို့နဲ့ နှစ်ဖက်အသိုင်းအဝိုင်း အခြေအနေတွေကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။