ရခိုင်မြို့နယ်အားလုံး အင်တာနက်ပြန်ရဖို့ ရန်ကုန်မှာတောင်းဆို
2019.12.24

ရခိုင်ပြည်နယ်မှာ အင်တာနက်ပြန်သုံးခွင့်ရအောင် ဆောင်ရွက်ပေးဖို့ ဆန္ဒပြပွဲနဲ့ လက်မှတ်ရေးထိုးတောင်းဆိုပွဲကို အရပ်ဘက်အဖွဲ့အစည်းအသီးသီးက တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်ပြီး ဒီကနေ့ညနေက ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် ကိုးမြို့နယ်မှာ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁ ရက်က စပြီး အင်တာနက်ဆက်သွယ်မှုကို အစိုးရက ဖြတ်တောက်ခဲ့တာပါ။ အဲဒီထဲက တချို့မြို့နယ်တွေကို ပြန်ဖွင့်ပေး ခဲ့ပေမယ့် ရခိုင်ပြည်နယ်က မြို့နယ် လေးမြို့နယ်ဖြစ်တဲ့ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း မြို့နယ်တွေမှာတော့ ဒီနေ့အထိ ခြောက်လကျော်ကြာလာပြီဖြစ်ပေမယ့် အင်တာနက်ဖြတ်တောက်ခံနေရဆဲ ဖြစ်ပါတယ်။
ဒါဟာ ကမ္ဘာ့အရှည်ကြာဆုံး ဖြတ်တောက်မှုတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်လာနေပြီဖြစ်လို့ အစိုးအနေနဲ့ ချက်ခြင်းပြန်ဖွင့်ပေးဖို့ ဆန္ဒပြတောင်းဆိုတာလို့ ဦးဆောင်ခဲ့တဲ့ မောင်ဆောင်းခ က ပြောပါတယ်။
အဲဒီမြို့နယ်တွေမှာ မိုဘိုင်းအင်တာနက်ပြန်လည်ရရှိအောင် အစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂအဖွဲ့ အပါအဝင် နိုင်ငံတကာကတောင်းဆိုမှုတွေ ရှိနေပေမယ့်လည်း ခုချိန်ထိ ဆောင်ရွက်မပေးသေးဘူးလို့ ဆန္ဒပြ သူတွေကဆိုပါတယ်။
အစိုးရဘက်ကတော့ အင်တာနက် ဖြတ်တောက်ထားတာဟာ နိုင်ငံတော် လုံခြုံရေးအတွက် လုပ်ဆောင်ရ တာဖြစ်တယ်လို့ ဖြေဆိုထားဖူးပါတယ်။
လက်မှတ်တွေစုဆောင်းပြီးရင် အစိုးရတာဝန်ရှိသူတွေအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပေးပို့ သွားမယ်လို့လည်း သိရပါတယ်။
အင်တာနက်ဖြတ်တောက်ခံရမှုကြောင့် ဒေသခံတွေအားလုံးကြုံတွေ့နေရတဲ့ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေး၊ နိုင်ငံရေးအပါအဝင် အများပြည်သူနဲ့ဆိုင်တဲ့ကိစ္စရပ်တွေအပေါ် ဆိုးရွားစွာ သက်ရောက်နေတဲ့အပြင် ရခိုင် ပြည်နယ်ရဲ့ ဖွံ့ဖြိုးမှုနဲ့ ပိုမိုဆိုးပဋိပက္ခတွေကို ရွားလာစေနိုင်လို့ ရှုတ်ချကြောင်း ဆန္ဒပြသူတွေကဆိုပါတယ်။
ဒါ့အပြင် အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်မှုနဲ့ အင်တာနက်အမြန်နှုန်းလျှော့ချမှုကို ချက်ချင်းရပ်တန့်ပေး ဖို့၊ ဆက်သွယ်ရေးဥပဒေပါ အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်ခြင်းနဲ့ သက်ဆိုင်တဲ့ ပုဒ်မ ၇၇၊ ၇၈ နဲ့ ကျန်ပုဒ် မတွေကို လူ့အခွင့်အရေးစံနှုန်းတွေနဲ့အညီ ပြန်လည်သုံးသပ်ပြင်ဆင်ပေးဖို့နဲ့ မြန်မာတနိုင်လုံးမှာ လာမယ့် ရွေးကောက်ပွဲကာလတွေမှာ အခုလို အင်တာနက်နဲ့ အခြားဆက်သွယ်ရေးစနစ်တွေကို ထပ်မံဖြတ်တောက်တာ အင်တာနက်အမြန်နှုန်းလျှော့ချတာတွေ (လုံးဝ) မပြုလုပ်ဖို့ အစိုးရကိုတိုက်တွန်းတယ်လို့လည်း ဆန္ဒပြသူတွေ ကပြောပါတယ်။