ရခိုင်ပြည်နယ်အတွင်း နိုင်ငံတကာ အန်ဂျီအိုတွေ ကူညီထောက်ပံ့ရေး ဆွေးနွေး


2014.04.29
unhcr-rakhine-305.jpg မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့က လူတစ်စုရဲ့ ဝင်ရောက် ဖျက်ဆီးခြင်းခံရတဲ့ စစ်တွေမြို့က UNHCR ဂိုထောင် ကိုတွေ့ရစဉ်
Photo: RFA

ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ နဲ့ နိုင်ငံတကာက လူမှုရေးအကူအညီတွေပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည်နယ်တွင်း အကူအညီပေးရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ဖို့ အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၊ နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း၊ ပြည် ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူး ချုပ် ကျော်ကျော်ထွန်းတို့ဟာ စစ်တွေမြို့က ရပ်မိရပ်ဖတွေနဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ တွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့တာတွေကို ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ စစ်တွေမြို့ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းက အခုလိုပြောပါတယ်။

"အဓိကကတော့ INGO တွေရဲ့ ရှေ့လုပ်မယ့် အနေအထားတွေကို ဆွေးနွေးကြတာပါ၊ သူတို့ရဲ့တာဝန်တွေ ကိုက်ညီမှုရှိမရှိ အရင်ဆုံးစစ်ဆေး ကြည့်ရမယ်၊ ပြီးတော့လုပ်ငန်း အသေးစိတ်အစီအစဉ် ဘယ်နေ့က ဘယ်ဟာကို ဘယ်သူသွားမယ်ဆိုတာ ကို အဲဒါတွေကို ECC က သဘောတူညီမှပဲ ဆောင်ရွက်ခွင့်ရမယ်၊ ပွင့်လင်းမြင်သာမှုရှိရမယ်၊ နှစ်ဖက် မျှတမှုရှိရမယ်၊ အဲလိုမဟုတ် ရင်တော့ UN နဲ့ ပဋိပက္ခဖြစ်တဲ့ကိစ္စတွေ ဆက်ဖြစ်ပွားလာမှာကို စိုးရိမ်ကြ ပါတယ်"

ဒါ့အပြင် UN နဲ့ INGO အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေအကြား ပဋိပက္ခတွေ ထပ်မဖြစ်ပွားအောင် စိစစ်သွားမှာဖြစ် သလို ဘူးသီးတောင်၊ မောင်တောက မွတ်စလင်ဘာသာဝင်တွေကို ကူညီထောက်ပံ့တာတွေနဲ့ပတ်သက်ပြီး စိစစ် သွားဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ် မောင်မောင်အုန်းတို့အဖွဲ့အနေနဲ့ ဒီကနေ့ မနက်ပိုင်းကလည်း စစ်တွေမြို့အခြေစိုက် UN နဲ့ INGO အဖွဲ့ အစည်းအချို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဒုက္ခသည်တွေကို အကူအညီပေးရာမှာ အရေးပေါ် ပူးပေါင်းဆောင် ရွက်ရေးစင်တာ ECC အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့၊ ကုလသမဂ္ဂနဲ့ INGO အသီးသီးက မြန်မာဌာနေ အကြီးအကဲတွေ၊ နိုင်ငံတကာ သံတမန်တွေ၊ စစ်တွေ ရပ်မိရပ်ဖတွေပါဝင်တဲ့ အရေးပေါ် ပူးပေါင်းဆောင်ရွက်ရေးစင်တာ ECC- Emergency Coordination Center ပြည်ထောင်စုအဆင့် အစည်းအဝေးတစ်ရပ်ကို လာမယ့် မေလ ၂ ရက်နေ့မှာ စစ်တွေမြို့မှာ ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။