တပ်မတော် ဆောင်ရွက်ချက်တွေကို ရခိုင်ဒေသခံတွေ ပူးပေါင်းကူညီဖို့ အဆို ပြည်နယ်လွှတ်တေ်ာ ပယ်ချ
2019.02.20

ရခိုင်ပြည်နယ်ထဲက ဒေသခံတိုင်းရင်းသား ပြည်သူတွေအနေနဲ့ တပ်မတော်ရဲ့လုပ်ဆောင်ချက်တွေကို ဝိုင်းဝန်း ပူးပေါင်း ကူညီဆောင်ရွက်ကြဖို့ ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်း အဆိုကို တပ်မတော်က တင်သွင်းခဲ့ပေမယ့် ရခိုင်ပြည်နယ်လွှတ်တော်က ဒီနေ့မှာ ပယ်ချလိုက်ပါတယ်။
ဒီအဆိုကို တပ်မတော်သားပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး သက်ဦးမောင် က တင်သွင်းခဲ့တာဖြစ်ပြီး တပ်မတော်ဟာ ပြည်သူ့ အသက်အိုးအိမ်လုံခြုံစိတ်ချစေရေး၊ အမျိုးဘာသာ သာသနာ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး ကို မားမားမတ်မတ် ရပ်တည်လျက်ရှိကြောင်း တင်ပြခဲ့ပါတယ်။
အဲဒီအဆိုကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး မင်းသူက ထောက်ခံဆွေးနွေးခဲ့ပေ မယ့် ဆက်လက်ဆွေးနွေးဖို့ သင့်မသင့် လွှတ်တော်က ဆုံးဖြတ်ရာမှာ တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်တွေကလွဲပြီး ရခိုင်အမျိုးသားပါတီ ANP နဲ့ NLD ပါတီ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်အများစုက ကန့်ကွက်ခဲ့ကြတဲ့အတွက် အဆိုရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။
ဒီကနေ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၃၄ ဦး တက်ရောက်ကြပါ တယ်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး သက်ဦးမောင်ရဲ့ အဆိုကို ရွေးကောက်ခံလွှတ် တော်ကိုယ်စားလှယ် ၂၂ ဦးတို့က ကန့်ကွက်ကြပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၁ ဦး က ထောက်ခံကြပါတယ်။ အဲဒီထဲက မာန်အောင်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကတော့ ကြားနေအဖြစ် ဆန္ဒမဲပေးခဲ့ကြတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ တပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေတာ ၃ လ နီးပါး ကြာမြင့်နေပေမယ့်လည်း တိုက်ပွဲတွေက ငြိမ်သက်မှုမရှိသေးပါဘူး။
AA ရက္ခိုင့်တပ်မတော်ဟာ ရခိုင်တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ရခိုင်လူထုကို ကာကွယ်ဖို့ ခေါင်းစဉ်တပ်ကာ တိုင်းရင်းသားတွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုတပ်မတော်ရဲ့ နောက်ကျော ဓားနဲ့ ထိုးသလို အလစ်ချောင်း တိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်တယ်လို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး သက်ဦးမောင်ရဲ့ အဆိုမှာပါရှိပါတယ်။
ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် လက်နက်ကိုင် တိုက်ပွဲဝင်နေတာဖြစ်ကြောင်း၊ သီးခြားနိုင်ငံအဖြစ် ခွဲထွက်ဖို့ ဟစ်ကြွေးနေပြီး ရခိုင် တိုင်းရင်းသားအကျိုး၊ ရခိုင်ပြည်သူတွေကို ကာကွယ်ဖို့ အမျိုးမျိုးခေါင်းစဉ်တပ်နေပေမယ့်လည်း ARSA ဘင်္ဂါလီအကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်လှုပ်ရှားတာတွေလုပ်နေကြောင်းဆိုပြီး အဆိုမှာ ထည့်သွင်းစွပ်စွဲ ထားပါတယ်။
AA လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ထိုးထောက်မှုတွေကို မတားဆီးနိုင်ရင် ပြည်ထောင်စုပြိုကွဲနိုင်တဲ့အဆင့်ထိ ဖြစ်လာနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။
အဲဒီအဆိုကို ရွေးကောက်ခံ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် အများစုတို့က ကန့်ကွက်လိုက်ကြပါ တယ်။
ကျောက်ဖြူမြို့နယ်က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက
"တိုက်ပွဲဖြစ်တယ်ဆိုတာက နှစ်ဘက်စလုံးမှာ တာဝန်ရှိတယ်၊ တိုက်ပွဲဖြစ်တဲ့ကိစ္စကို ဗဟိုအစိုးရကနေ ကိုင်တွယ်ပြီး ဖြေရှင်းရမယ်၊ NCA လမ်းကြောင်းပေါ်ရောက်အောင် AA အဖွဲ့ကိုခေါ်ရမယ်၊ မြန်မာပြည် မြောက်ပိုင်းကအဖွဲ့တွေလို လက်မှတ်ရေးထိုးခိုင်းပြီး ၂၁ ရာစုပင်လုံကို တက်နိုင်အောင် သူတို့ကလုပ် ရမှာ အခုဟာက နှစ်ဦးနှစ်ဘက် ညှိနှိုင်းတိုင်ပင်ပြီး မလုပ်ဘဲနဲ့ တိုက်ပွဲတွေဖြစ်နေမယ်ဆိုရင် ကြားကပြည် သူလူထုက နစ်နာမယ်၊ ပြည်နယ်လွှတ်တော်က ဘယ်လိုမှ လုပ်ကိုင်ဆောင်ရွက်လို့မရနိုင်ဘူး၊ ပြည် ထောင်စုကမှပဲ ကိုင်တွယ်ပြီး ဖြေရှင်းဆောင်ရွက်ရမယ့်ကိစ္စဖြစ်တဲ့အတွက် ကျွန်တော်တို့က ကန့်ကွက် ရခြင်းဖြစ်တယ်"
အစိုးရတပ်မတော်နဲ့ ၃ လ နီးပါးကြာ တိုက်ပွဲဖြစ်ပွားနေတဲ့ AA အဖွဲ့ကလည်း အဲဒီအဆိုနဲ့ပတ်သက်ပြီး ပြည်သူ့ဆန္ဒကို အဓိကထားလိုချင်တယ်ဆိုပြီး အခုလို တုံ့ပြန်လိုက်ပါတယ်။
"သူတို့အဲလိုမျိုး ပါလီမန်မှာတင်ပြီး စစ်တပ်ကို ဝိုင်းဝန်းအားပေးဖို့ တင်တယ်ဆိုရင် ဗမာစစ်တပ်ကို ရခိုင် ပြည်မှာ ထားမလား မထားဘူးလားဆိုတာကို ဗမစစ်တပ်အနေနဲ့ ယုံကြည်မှုရှိတယ်ဆိုရင် လူထုဆန္ဒခံယူ ပွဲတစ်ခုလောက် လုပ်ရင်ပိုကောင်းမယ်လို့ ကျွန်တော်တို့ဘက်က ထင်တယ်၊ တစ်ကယ်လို့ ဗမာစစ်တပ် ကို လူထုမလိုဘူး ရခိုင်ပြည်သူလူထုက ဗမာစစ်တပ်ရှိနေတာကို မလိုလားဘူးဆိုရင် သူတို့ထွက်ပေးဖို့ အတွက် အဆင်သင့်ဖြစ်ဖို့လိုတာပေါ့ "
AA ရက္ခိုင့်တပ်မတော် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသွားတာပါ။
ရခိုင်ပြည်နယ်အရေး အကျိုးရှိမယ့်အဆို ဖြစ်မယ်ဆိုရင် ရခိုင်တိုင်းရင်းသားအားလုံးက ထောက်ခံကြဖို့ အဆင်သင့်ပဲလို့လည်း ရခိုင်တိုင်းရင်းသားတွေက ပြောကြပါတယ်။
ရခိုင်ပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့က ဦးအမ်းသားကြီးက အဲဒီအဆိုအပေါ် အခုလိုပြောပါတယ်။
"ကျွန်တော်တို့ ရခိုင်ပြည်သူလူထုအတွက် အရေးပါတဲ့အဆိုဆိုရင်တော့ ဒီအဆိုဟာ အောင်မြင်မှာပါ၊ ရခိုင်ပြည်သူလူထုအတွက် အရေးမပါတဲ့ အဆိုဖြစ်နေလို့ ဒီအဆိုမအောင်မြင်တာလို့ပဲ ကျွန်တော်မြင်ပါ တယ် ဒါပေမဲ့ နှစ်ဘက်လုံးကို ပြောချင်ပါတယ် ပြည်သူတွေကို အတတ်နိုင်ဆုံး ရှောင်ရှားပြီးတော့ တိုက်ပွဲဖြစ်ကြပါလို့ ပြည်သူတွေရှိတဲ့နေရာမှာ လေယာဉ်နဲ့ဗုံးကြဲတာ လက်နက်ကြီးတွေနဲ့ ပစ်တာတို့ မလုပ်ပါနဲ့လို့ တောင်းဆို ချင်ပါတယ်ခင်ဗျ"
အဲဒီအဆိုရှုံးနိမ့်ခဲ့ရတာဟာ လွှတ်တော်အနေနဲ့ သူ့ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်းသာ လုပ်တာမို့ ပြောစရာမရှိကြောင်း လွှတ်တော်ထဲမှာ ထောက်ခံဆွေးနွေးခဲ့တဲ့ ဒုတိယ ဗိုလ်မှူးကြီး မင်းသူက ပြောပါတယ်။
"ဒေသခံတွေကပဲ ဒုက္ခရောက်တာ ဒီတိုက်ပွဲဖြစ်လာရင်တော့ ဒီအကျိုးဆက်ကတော့ ပေါ်မှာပဲ၊ ဒါကို ရပ်ဖို့အတွက် နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးလို့ရမှပဲ အထိခိုက်နည်းမယ်၊ ဒါမှမဟုတ်ဘဲ စစ်ပွဲတွေချည်း အများကြီးဆင်နွှဲနေရင် ပိုပြီးတော့ထိခိုက်လာမယ်၊ ကျယ်ပြန့်လာရင် ပိုပြီးတော့ ဒီထက်ဒီထက်ဖြစ်လာ မယ်၊ လွှတ်တော်ကလည်း လုပ်နေတာ သူ့ရဲ့လုပ်နည်း သူ့ရဲ့လုပ်ပိုင်ခွင့်အရ ပြောစရာမရှိပါဘူး။ ရှုံးတာ လည်း အရှုံးနဲ့အနိုင် တစ်ခုခုတော့ရှိမှာပဲလေ"
ဒီကနေ့ ရခိုင်ပြည်နယ် လွှတ်တော်ထဲမှာ တပ်မတော်ကို ရခိုင်ဒေသခံတွေအနေနဲ့ ထောက်ခံကြဖို့အဆို နဲ့ပတ်သက်ပြီး နားဆင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။