တိုက်ပွဲကြောင့် သေဆုံးမှု၊ နစ်နာမှုတွေအတွက် စုံစမ်းရေးအဖဲ့ွ ဖွဲ့ဖို့အဆို လွှတ်တော်အတည်ပြု
2019.09.23

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရက္ခိုင့်တပ်တော်နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေအတွင်း အရပ် သားထိခိုက်သေဆုံးမှုတွေနဲ့ ဥစ္စာပစ္စည်းဆုံးရှုံးမှုတွေအတွက် ပြည်နယ်အစိုးရ ဦးဆောင်တဲ့ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းဖို့ မြောက်ဦး မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က ပြည်နယ်လွှတ်တော်မှာ စက်တင်ဘာ ၁၉ ရက်နေ့က အဆိုတင်သွင်းခဲ့တာပါ။
ဒီအဆိုကို တင်သွင်းတဲ့နေ့ကလည်း ကန့်ကွက်သူ ၁၁ ဦး ရှိခဲ့ပေမယ့် ထောက်ခံသူ ၂၄ ဦး ရှိတာကြောင့် ဒီနေ့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဒီနေ့ ကန့်ကွက်ဆွေးနွေးခဲ့သလို လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့် ကလည်း ဒီအဆိုကို မှတ်တမ်းတင်ထားရှိဖို့သာ ဆွေးနွေးခဲ့တာပါ။
အဆိုတင်သွင်းတဲ့ ဦးထွန်းသာစိန်ကတော့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ခံယူဖို့ တင်ပြခဲ့တာကြောင့် မတ်တပ်ရပ်မဲခွဲဆုံးဖြတ်ရာမှာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်နယ် လုံနယ်ဝန်ကြီး နဲ့ စည်ပင်ဝန်ကြီးတို့က ကန့်ကွက်ခဲ့တယ်လို့ ကိုယ်စားလှယ်တွေက ပြောပါတယ်။
ထောက်ခံသူ ၂၁ ဦး၊ ကန့်ကွက်သူ ၁၂ ဦး နဲ့ အဆိုကို လွှတ်တော်က အတည်ပြုလိုက်တာပါ။
အဆိုအတည်ဖြစ်သွားတဲ့အတွက် အဆိုမှာပါတဲ့အတိုင်း စုံစမ်းရေးအဖွဲ့ကို ပြည်နယ်အစိုးရက ဦးဆောင်ဖွဲ့စည်းရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ---- လွှတ်တော်မှာ အတည်ဖြစ်ခဲ့တဲ့အဆိုတွေကို အစိုးရက အကောင်အထည်ဖော်မှု အားနည်းတာကြောင့် ဒီကိစ္စမှာလည်း အစိုးရ အကောင်အထည်ဖော်ပါ့မလားဆိုတာ စိုးရိမ်နေကြပါတယ်။
အဆိုတင်သွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က အခုလိုပြောပါတယ်။
"ဒီစစ်ဆေးဆောင်ရွက်ဖို့ ကိစ္စက အစိုးရအလုပ်ပါ။ အစိုးရက ဘယ်လိုဦးဆောင်မလဲ၊ အဖွဲ့ ဖွဲ့ဖို့ကိစ္စက မသေချာသေးဘူးနော်။ ဘာလို့ဆို ရခိုင်ပြည်နယ်လွှတ်တော်မှာ အဆိုတော်တော်များများက ကျွန်တော်တို့ အောင်မြင်ပါတယ်။ အတည်ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ ဆောင်ရွက်မှုက တော်တော်လေးနည်းပါတယ်။ အခုလည်း အဆိုအောင်တယ်။ အတည်ဖြစ်ပေမယ့်လည်း အကောင်အထည်ဖော်တဲ့အပိုင်းမှာ အစိုးရက အမှန်တကယ် ဖွဲ့စည်းပေးမလား မပေးဘူးလား မသိသေးဘူး။ ဖြစ်သွားတာတွေကလည်း မိမိရပ်ရွာ၊ မိမိအိမ်ထဲမှာ နေရင်းနဲ့ပဲ သေနေကြတယ်၊ ဒဏ်ရာရနေကြတယ်။ အဲဒါကို အစိုးရအနေနဲ့လည်း ပါဝင်ကူညီဆောင်ရွက်မှု မရှိတော့ ပြည်သူတွေက တမင်သက်သက် အစိုးရက ကျွန်တော်တို့ပြည်သူတွေကို ဥပေက္ခာပြုနေသလားလို့ ထင်နေကြတယ်။ အလွန်လည်း ကြောက်ရွံ့စိုးရိမ်နေကြတယ်"
စုံစမ်းရေးအဖွဲ့ကို အစိုးရက ဦးဆောင်ပြီး ဌာနဆိုင်ရာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်အဖွဲ့တွေ ထည့်သွင်းဖွဲ့ဖို့ကို အဆိုရှင်က အကြံပြုထားတာပါ။ ဒီအဆို အတည်ဖြစ်သွားတာနဲ့ပတ်သက်လို့ အစိုးရက နောက်ဆက်တွဲ ဆောင်ရွက်မယ့်ကိစ္စတွေကို သိရှိနိုင်ဖို့ ပြည်နယ်အစိုးရ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ဒီအဆိုကို ပြည်နယ်အစိုးရအဖဲ့ွကိုယ်စား လွှတ်တော်မှာ လာရောက်ရှင်းလင်းဖြေကြားတဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့် က လက်ရှိအခြေအနေအရ စုံစမ်းစစ်ဆေးဖို့ စစ်ဘေးဒုက္ခသည်စခန်းတွေကိုသွားဖို့တောင် လုံခြုံရေး စိုးရိမ်ရတာကြောင့် မဖြစ်နိုင်ဘူးဆိုတဲ့ သဘောမျိုး ထည့်သွင်းပြောကြားခဲ့တယ်လို့ ကိုယ်စားလှယ်တွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ နစ်နာမှုတွေအတွက် အဆိုကို အကောင်အထည်မဖော်တဲ့ အစိုးရရဲ့ တာဝန်သာ ဖြစ်တယ်လို့ ဒီအဆိုကို ထောက်ခံဆွေးနွေးခဲ့တဲ့ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က အခုလိုပြောပါတယ်။
"ရခိုင်ပြည်နယ်လွှတ်တော်ထဲမှာ ရခိုင်ပြည်သူတွေရဲ့အရေးကို ဆောင်ရွက်မယ်ဆိုပြီး ကျမ်းသစ္စာတွေ ကတိသစ္စာတွေ ကျိန်ဆိုပြီး အစိုးရအဖွဲ့က တာဝန်ယူထားတာဖြစ်တယ်။ အဲဒါကြောင့် သူတို့ရဲ့ သမိုင်းသာဖြစ်မယ်လို့ ကျွန်တော်ပြောချင်တယ်"
ဒီအဆိုကို အကောင်အထည်ဖော်တဲ့အနေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးတဲ့အခါ စုံစမ်းစစ်ဆေးမှုတွေမှာ တပ်မတော်အနေနဲ့ ပူးပေါင်းပါဝင်မလားလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖဲ့ွက ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းရာမှာ အခုလိုတုန့်ပြန့်ပါတယ်။
"အဲဒါတော့ ကျွန်တော်မဖြေနိုင်ပါဘူး။ ကျွန်တော်တို့ ဆောင်ရွက်နေတာက တပ်မတော်အနေနဲ့ လိုအပ်လာရင် တပ်မတော်အတွင်းမှာ စုံစမ်းစစ်ဆေးရေးခုံရုံးတွေ ဖွဲ့စည်းပေးတာရှိတယ်။ အစိုးရက ညွှန်ကြားလာလို့ရှိရင်လည်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးတယ်ဆိုရင် ပူးပေါင်းဆောင်ရွက်ပေးထားတာ ရှိပါတယ်"
လတ်တလော ဦးထွန်းသာစိန် ကောက်ယူထားတဲ့ ခန့်မှန်းစာရင်းအရဆိုရင် တိုက်ပွဲတွေကြား ဒဏ်ရာရရှိတဲ့ အရပ်သား ၁၂၀ ခန့်နဲ့ သေဆုံးသူ ၈၀ ခန့်ရှိတယ်လို့ ပြောပါတယ်။
ဒီအဆိုကို ပြည်နယ်အစိုးရက ဘယ်တော့ အကောင်အထည် ဖော်မလဲဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တွေက မျှော်လင့်နေကြပါတယ်ရှင်။
(RFA သတင်းထောက် မဇင်မာဝင်း တင်ပြသည်)