AA နဲ့ဆက်စပ်ဖမ်းဆီးထားသူတွေကို ဆက်သွယ်တဲ့ ၁၆၄ ဦးကို တရားခံပြေးအဖြစ် သတ်မှတ်ထား


2019.09.20
rakhinge-singapore-622.jpg AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ညီ ကိုအောင်မြတ်ကျော် အပါအဝင် ရှစ်ဦးကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ၂၀၁၉ စက်တင်ဘာ ၂၀ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Kyaw Lwin Oo/RFA

AA အဖွဲ့ကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး ဖမ်းဆီးထားသူ ကိုးဦးနဲ့ ဆက်သွယ်ခဲ့တဲ့ ၁၆၄ ဦးအပေါ် တရားစွဲဆိုခွင့် ပြုတဲ့စာကို အမှုတွဲမှာ တင်ထားတာတွေ့ရကြောင်း ဖမ်းဆီးခံထားရသူနှစ်ဦးရဲ့ ရှေ့နေ ဦးကျော်မျိုးထွန်းက ပြောပါတယ်။

ရခိုင်တပ်တော် AA က ထောက်ပံ့နေတယ်ဆိုပြီး စွပ်စွဲချက်နဲ့ တရားစွဲဆိုခံနေရတဲ့ AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြင့်နိုင် ရဲ့ ညီတော်စပ်တဲ့  ကိုအောင်မြတ်ကျော်အပါအဝင် ရှစ်ဦးကို ဒီနေ့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ် ခဲ့ပါတယ်။

ဒီနေ့ရုံးထုတ်မှာ အမှုတွဲတွေကိုဖတ်ရှုရာမှာ ဖမ်းဆီးထားသူအပြင် နောက်ထပ်လူတစ်ရာကျော်ကို တရားစွဲဆိုခွင့်ပြုတဲ့ စာကို တင်ထားတာတွေခဲ့ရတယ်လို့ ကိုမြတ်လင်းဦးနဲ့ ကိုအောင်မျိုးဝင်းတို့ရဲ့ ရှေ့နေအဖြစ် လိုက်ပါဆောင် ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်မျိုးထွန်း က ပြောပါတယ်။

"တရားခံပြေးဖမ်းဆီးနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနက စာထုတ်ထားတာတေ့ွရတယ်။ လူတွေက အများကြီးပဲ။ ထွက်ပြေးတိမ်းရှောင်နေသူတွေကို ဖမ်းဆီးအရေးယူရန် ခွင့်ပြုတယ်ဆိုပြီး တေ့ွပါတယ်။"

ဦးအောင်မြတ်ကျော်ပါအမှုမှာ နောက်ထပ် ၁၆၄ ဦးကို အနောက်ပိုင်းခရိုင်တရားရုံးမှာ တရားစွဲဆိုတာရှိသလား ဆိုတာနဲ့ ပတ်သက်ပြီး အနောက်ပိုင်းခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဦးမင်းသန့်ကို မေးမြန်းရာမှာ သူတို့ဆီမှာ မရှိကြောင်း ပြောပါတယ်။

"လတ်တလော ကျွန်တော်တိတိကျကျ ဖြေကြားနိုင်တာသည် ဦးအောင်မြတ်ကျော်ပါ ရှစ်ဦးကို တစ်မှုအပါအဝင် သုံးမှုပဲ။ ဒါပဲ တရားရုံးမှာ တရားစွဲဆိုတင်ပို့ထားတယ်၊ တရားရုံးက လက်ခံဆောင်ရွက်နေတယ်။"

AA အဖွဲ့နဲ့ ဆက်သွယ်မှုသံသယနဲ့ အမှုဖွင့်ခံရဖွယ်ရှိတယ်ဆိုတဲ့ လူတစ်ရာကျော်ဟာ ဘယ်ဒေသတွေမှာ နေထိုင် တယ်၊ ဘယ်သူတွေဖြစ်တယ်ဆိုတာကတော့ မသိရသေးပါဘူး။

လက်ရှိအနောက်ပိုင်းခရိုင်တရားရုံးမှာ ကိုအောင်မြတ်ကျော်ပါ ရှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က) တို့နဲ့ မြန်မာနိုင်ငံ သတင်းရဲတပ်ဖွဲ့ရဲမှူး ဦးတင့်ရွှေက တရားလိုလုပ်ပြီး တရားစွဲ တင်ပို့ခဲ့တာကို အနောက်ပိုင်းခရိုင်တရားရုံးက လက်ခံစစ်ဆေးနေတာပါ။

သူတို့အမှုတွဲမှာ ပါဝင်တဲ့ ကိုသန်းထွန်းနိုင်၊ ကိုစိုးမြင့်တို့နှစ်ဦးကို ဆက်စပ်တရားခံအဖြစ် သတ်မှတ်ပြီး တရားခံပြေး အဖြစ် ကြေညာထားတာကို ဖမ်းဆီးရမိခြင်း မရှိတာကြောင့် ဒီနေ့တရားရုံးမှာ ဝရမ်းပြန်အပ်ခဲ့ပါတယ်။ နောက်ရုံးချိန်းတွေမှာ တရားခံရဲ့ မျက်ကွယ်မှာ သက်သေခံချက် ရေးမှတ်ယူပြီးတော့ ဆက်လက်စစ်ဆေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဖမ်းဆီးထားသူတွေထဲက ကိုအောင်မျိုးဝင်းကိုတော့ ဒီနေ့ရုံးထုတ်ခဲ့တဲ့ ရှစ်ယောက်နဲ့ မတူဘဲ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ၅၀ (ည)နဲ့ သီးခြားတရားစွဲဆိုထားပြီး ကျော်ဟန်၊ သာထွန်းအောင်နဲ့ ထွန်းမင်းနိုင်ကိုလည်း တရားခံပြေး သတ်မှတ်ထားတာဖြစ်ပါတယ်။

နောက်တိုးတရားခံပြေးအဖြစ် ၁၆၄ ယောက်နာမည်နဲ့ သူတို့ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ရာဇဝတ်ကျင့်ထုံးဥပဒေ ၅၁၂ တို့နဲ့ တရားစွဲဆိုခွင့်ပြုကြောင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန် ထားတယ်လို့ သိရပါတယ်။

စင်္ကာပူကနေ ပြန်လာတဲ့သူတွေနဲ့ အဆက်အသွယ်ရှိတဲ့သူအားလုံး နောက်တိုးတရားခံတွေအဖြစ် ပါဝင်တာလို့လည်း တချို့က ခန့်မှန်းနေကြပါတယ်။

နောက်တိုးတရားခံပြေးအဖြစ်သတ်မှတ်ပြီး အကြမ်းဖက်ဥပဒေနဲ့ တရားစွဲဆိုခွင့်ပြုတယ်ဆိုတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒုတိယရဲတပ်ဖွ့ဲမှူး ရဲမှူးကြီး မျိုးသူစိုးကို မေးကြည့်ရာမှာတော့

"လောလောဆယ် ကျွန်တော်မသိသေးဘူး၊ အကြမ်းဖက်ဗဟိုက ထုတ်တဲ့စာဖြစ်နေတော့ ကျွန်တော်မသိသေးဘူး။"

ပြီးခဲ့တဲ့ရက်ပိုင်းက ကျိုင်းတုံမြို့မှာပြုလုပ်တဲ့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့၊ အစိုးရနဲ့ တပ်မတော်တွေဆုံပွဲမှာ ရခိုင်တပ်တော် AA ဘက်က သူတို့နဲ့ပတ်သက်ပြီး စင်္ကာပူကပြန်လာတဲ့သူတွေ အပါအဝင် ဖမ်းဝရမ်း ထုတ်ထားသူ ၁၆၄ ဦးကို ဖမ်းဆီးမယ်ဆိုတာတွေ မလုပ်သင့်ကြောင်းနဲ့ အဖမ်းဆီးခံရတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆို ခဲ့တယ်လို့ ခိုင်သုကခ RFA ကို ပြောပါတယ်။

ဒီနေ့ရုံးချိန်းကိုလာရောက်တဲ့ ရခိုင်စင်္ကာပူအသင်း ဥက္ကဋ္ဌ ကိုဟိန်းဇော်ရဲ့မိခင်ကတော့ သူ့သားအမည်နဲ့ တွဲဖွင့်ထားတဲ့ ဘဏ်အကောင့်တွေ အပိတ်ခံထားရတာကြောင့် မိသားစုစားဝတ်နေရေး အခက်အခဲတွေ့နေတယ်လို့ ပြောပါတယ်။

"အကုန်လုံးတွဲထားတာ။ တွဲထားတာမှာ မောင်ဟိန်းဇော် နာမည်ပါတဲ့အတွက် မောင်ဟိန်းဇော် မိန်းမကိုပါ ပိတ်တယ်။ ဘာကြောင့်ပိတ်လဲဆိုတာ သိချင်တယ်။ အကောင့်တွေကို အကုန်ပိတ်ထားတယ်။ ဘယ်လိုပြောလဲ ဆိုရင် ဒါကတော့ ဘာမှလုပ်လို့မရတော့ဘူးပေါ့နော်။ အမှုကိစ္စပြီးအောင် စောင့်ရတော့မယ်ဆိုရင် ထမင်းမစား ရတော့ဘူးလား၊ အလုပ်လည်းမရှိတော့ဘူးလေ။"

ကိုအောင်မြတ်ကျော် အပါ ရှစ်ယောက်ဟာ  AA အဖွဲ့ကို ငွေကြေးကောက်ခံ ထောက်ပံ့တယ်၊   AA ဆယ်နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက်  စင်္ကာပူနိုင်ငံကနေ ပြည်နှင်ဒဏ်ပေးပြီး မြန်မာနိုင်ငံပြန်အရောက်မှာ  အမှုဖွင့်အရေးယူခံရတာဖြစ်ပါတယ်။

ကိုအောင်မြတ်ကျော်အပါအဝင်  AA ကို ထောက်ပံ့ကြောင်း စွပ်စွဲချက်နဲ့ တရားစွဲဆိုခံထားရသူ ၁၄ ယောက်ထိရှိပြီး ငါးယောက်ကိုတော့ တရားခံပြေးအဖြစ် ကြေညာထားပါတယ်။

ဒီအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)ဟာ ပြစ်မှုထင်ရှားရင် အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး ထောင်ဒဏ်တစ်သက်ချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။