ရခိုင်ပြည်နယ်ရဲ့ ပထမဆုံး ဗုဒ္ဓတက္ကသိုလ် ၃ နှစ်အတွင်း အပြီးသတ်တည်ဆောက်မည်
2016.03.05

ရခိုင်ပြည်နယ်မှာ ပထမဆုံး ဗုဒ္ဓတက္ကသိုလ်တစ်ခုကို စစ်တွေမြို့မှာ လာမယ့် ၃ နှစ်အတွင်း အကောင်အထည်ဖော် ဖွင့်လှစ်သွားမယ်လို့ အလိုတော်ပြည့်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တ အရိယဝံသက မိန့်ကြားလိုက်ပါတယ်။
ဒီနေ့ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာပြုလုပ်တဲ့ ရခိုင်ပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဖြစ်မြောက်ရေး ကြိုတင်ညှိနှိုင်း အစည်းအဝေးမှာ ဆရာတော် ဒေါက်တာဘဒ္ဒန ္တအရိယဝံသက မိန့်ကြားခဲ့တာဖြစ်ပါတယ်။
"ဒီတက္ကသိုလ်ကြီးကို လုပ်မယ်ဆိုလို့ရှိရင် ဘုရားတပည့်တော်က ၃ နှစ်တာအတွင်းမှာ ပြီးအောင်လုပ်ဖို့ ဆိုပြီးတော့ စိတ်ကူးထားပါတယ်၊ လုပ်တဲ့နေရာမှလည်းပဲ နိုင်ငံတကာစံချိန်မမီတောင်မှပဲ မြန်မာပြည် အရပ်ရပ် ပြည်နယ်အသီးသီးမှာရှိတဲ့ တက္ကသိုလ်တွေထက် အောက်တန်းမကျအောင် တန်းတူဖြစ်အောင် အလုပ်လုပ်ပေးရမှာဖြစ်ပါတယ်၊ ရှိတဲ့ သံဃာတော်တွေနဲ့ ရှိတဲ့ အင်အားနဲ့ ဘုရားတပည့်တော်တို့ ရခိုင်ပြည်နယ်၏ ဂုဏ်ထူးဆောင်ဖြစ်တဲ့ တက္ကသိုလ်တစ်ခုဖြစ်အောင် လုပ်ရမှာဖြစ်ပါတယ်"
အဲ့ဒီဗုဒ္ဓတက္ကသိုလ်ကို စစ်တွေမြို့ရဲ့ ဆတ်ရိုးကျချောင်းတစ်ဘက်ကမ်း ဗျိုင်းဖြူရွာအနီးက မြေဧက ၂ဝ လောက်မှာ အကောင်အထည်ဖော် ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။
အဲ့ဒီတက္ကသိုလ်မှာ အနည်းဆုံး အစိုးရပထမပြန်၊ ပထမကြီးတန်းနဲ့ တက္ကသိုလ်ဝင်ခွင့် အောင်မြင်ထား တဲ့ ရှင်သာမဏေတွေ၊ ရဟန်းတော်တွေနဲ့ သီလရှင်တွေ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားတဲ့ လူ ပုဂ္ဂိုလ်တွေကို ဒီပလိုမာ၊ ဘွဲ့ကြိုတန်း၊ မဟာဝိဇ္ဇာတန်းတွေအထိ သင်ကြားပို့ချသွားဖို့ စီစဉ်ထားကြောင်း လည်း မိန့်ကြားပါတယ်။
မြန်မာနိုင်ငံမှာ ရန်ကုန်မြို့အပါအဝင် မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ ဗုဒ္ဓတက္ကသိုလ်နဲ့ ဗုဒ္ဓကောလိပ်ကျောင်းပေါင်း ၂၁ ကျောင်းရှိတယ်လို့ သိရပါတယ်။
အခု စစ်တွေမြို့မှာဖွင့်လှစ်မယ့် ဗုဒ္ဓတက္ကသိုလ်ကို အလိုတော်ပြည့်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တအရိယ ဝံသက ဦးစီးတည်ထောင်သွားမှာဖြစ်ပါတယ်။