နိုင်ငံရေးတွေ့ဆုံပွဲတွေမှာ အရပ်ဘက်အဖွဲ့တွေ ပါဝင်ခွင့်ပေးဖို့ တောင်းဆို


2016.08.29
rakhine-cso-press-620.jpg ရခိုင်ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေ သြဂုတ်လ ၂၈ ရက်နေ့က စစ်တွေ မြို့တော်ခန်းမမှာ အစည်းအဝေးကျင်းပစဉ်
Photo: Min Thein Aung/ RFA

ပြည်ထောင်စုအဆင့်နဲ့ အမျိုးသားအဆင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေးဆိုင်ရာတွေ့ဆုံပွဲတွေမှာ အရပ်ဘက် အဖွဲ့အစည်းတွေ ကို ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်ပြုဖို့ ရခိုင်ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၇၈ ဖွဲ့က မနေ့က ကြေညာ ချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

မနေ့က စစ်တွေမြို့တော်ခန်းမမှာကျင်းပတဲ့ အစည်းအဝေးကနေ ထုတ်ပြန်လိုက်တာဖြစ်ပြီး အဲဒီကြေညာချက်ကို သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အသိပေးသွားမယ်လို့ တွေ့ဆုံပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကိုစိုးနိုင်ထွန်း က ပြောပါတယ်။

"ကျနော်တို့ရဲ့ သဘောထားအမြင် ဘယ်လိုရှိလဲဆိုတာ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပြောသွားမယ့် အပိုင်းတွေရှိတယ်။ ဒီညီလာခံကို ရခိုင်ကိုယ်စားပြုတက်မယ့် နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ ချိတ်ဆက်ပြီး နောက်ဖြစ်လာမယ့် နိုင်ငံရေးဖြစ်စဉ်တွေမှာ အရပ်ဘက်အဖွဲ့တွေက ဘယ်အခန်းကဏ္ဍကနေ ပါဝင်ရမလဲဆိုတာ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားမှာရှိတယ်"

လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်နိုင်မှ သာလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ မြန်ဆန်အောင်မြင်ပြီး ရေရှည် တည်တံ့မယ်လို့ယုံကြည်ကြောင်း ကြေညာ ချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးကြိုးပမ်း မှုတွေကို အဟန့်အတားဖြစ်စေတဲ့ မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)နဲ့ ဖမ်းဆီးတာတွေ မလုပ်ဖို့နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကိုလည်း ပြန်လွှတ်ပေးဖို့ တောင်းဆိုထား ပါတယ်။

ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို အနှောင့်အယှက်ဖြစ်စေတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံးက မပြုလုပ်ဖို့လည်း ကြေညာချက်မှာ တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုအဆင့်နဲ့ အမျိုးသားအဆင့် နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာတွေ့ဆုံပွဲတွေမှာ အမျိုးသမီးတွေ အနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက် ပါဝင်သင့်တယ်လို့လည်း အကြံပြုထားပါတယ်။

မနေ့က အရပ်ဘက်အဖွဲ့တွေ တွေ့ဆုံပွဲကို ၂၁ ရာစု ပင်လုံညီလာခံအကြိုအနေနဲ့ ဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး ရခိုင်ပြည်နယ် ၁၇ မြို့နယ်က အရပ်ဘက်အဖွဲ့အစည်း ၇၈ ဖွဲ့က ကိုယ်စားလှယ်ပေါင်း ၂၃၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။