ရခိုင်မှာ အချုပ်သားနှစ်ဦး အပါအဝင် ဒေသတွင်း ကိုဗစ်ကူးစက်ခံရသူ ခြောက်ဦး ထပ်တွေ့

2021.06.24
ရခိုင်မှာ အချုပ်သားနှစ်ဦး အပါအဝင် ဒေသတွင်း ကိုဗစ်ကူးစက်ခံရသူ ခြောက်ဦး ထပ်တွေ့ စစ်တွေမြို့က အသွားအလာကန့်သတ်စောင်ကြည့်ရေး စင်တာတစ်ခုကို ၂၀၂၀ စက်တင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။
Photo: RFA
ရခိုင်ပြည်နယ် သံတွဲမြို့မှာ အချုပ်သားနှစ်ဦး၊ စစ်တွေမြို့မှာ သုံးဦးနဲ့ မောင်တောမြို့မှာ တစ်ဦး စုစုပေါင်း ခြောက်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး မနေ့က ထပ်တွေ့ရတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင် က RFA ကို ပြောပါတယ်။
 
အချုပ်သားနှစ်ဦးကတော့ တောင်ကုတ်အချုပ်ကနေတဆင့် သံတွဲအကျဉ်းထောင်ကို ပို့ဆောင်စဉ် သံတွဲမြို့မှာ စစ်ဆေးတဲ့အခါမှာ တွေ့ရှိတာဖြစ်ပြီး စစ်တွေမှာတွေ့တဲ့ သုံးဦးနဲ့ မောင်တောမှာတွေ့တဲ့ တစ်ဦးကတော့ ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ခဲ့တဲ့အတွက် စစ်ဆေးတဲ့အခါမှာ တွေ့တာလို့လည်း ဆိုပါတယ်။
 
ဒါကြောင့် ရခိုင်ပြည်နယ်မှာ အခုဆိုရင် ဒေသတွင်းကူးစက်ခံရသူဟာ စစ်တွေမြို့မှာ လေးဦး၊ မောင်တောမြို့မှာ သုံးဦးနဲ့ သံတွဲမြို့မှာ နှစ်ဦး စုစုပေါင်း ကိုးဦးအထိရှိသွားပြီဖြစ်ပါတယ်။
 
အဲဒီပိုးတွေ့လူနာတွေရဲ့ ကျန်းမာရေးအခြေအနေ ဆိုးဆိုးဝါးဝါးတော့ မရှိဘူးလို့လည်း ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။
 
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ကစလို့ အချိန်တစ်လကျော်ကာလအတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နဲ့ ကုန်ကူးသွားလာနေသူတွေကို သီးသန့်စောင့်ကြည့်ရာကနေ ပိုးတွေ့ လူနာ ၇၃ ဦး၊ ဘင်္ဂလားဒေ့ရှ်က ခိုးဝင် လာသူ သုံးဦးအပါအဝင် အခုဆိုရင် ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာစုစုပေါင်း ၈၅ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။