ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးကို ဝေဖန်သူ အဖမ်းခံရ
2018.06.21
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ ကို ဝေဖန်ပုတ်ခတ်လို့ဆိုပြီး နိုင်ငံသားအခွင့်အရေး ဆိုင်ရာ ဥပဒေချိုးဖောက်မှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ) အမှုနှစ်ခုနဲ့ တရားစွဲဆိုခံထားရတဲ့ စစ်တွေမြို့ခံ ဦးအောင်သန်းဝေကို ရဲတပ်ဖွဲ့က ဒီနေ့ညနေက ဖမ်းဆီးလိုက်ပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား အတွင်းရေးမှူး ဦးတင်မောင်ဆွေက လက်မှတ်ထိုးပြီး တရားစွဲတာဖြစ်ပြီး အာမခံမပေးဘူးလို့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဦးအောင်သန်းဝေ က RFA ကို ပြောပါတယ်။
"ကျနော့်ကို ဒီနေ့ရက်စွဲနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောင်းရွှေ့သွားတဲ့ ဦးတင်မောင်ဆွေ က အစိုးရအဖွဲ့ ကိုယ်စား လက်မှတ်ထိုးပြီးတော့မှ နိုင်ငံသားအခွင့်အရေးဆိုင်ရာ ဥပဒေချိုးဖောက်မှုရယ်၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆(ဃ)ရယ် အမှုနှစ်ခုနဲ့ တရားစွဲပါတယ်ခင်ဗျ၊ အာမခံလည်းမပေးဘူး၊ ပြည်သူ့အစိုးရဆိုရင် ပြည်သူ့အသံ ကို နားမထောင်ဘူးလေဗျာ၊ သူတို့လွှဲမှားတာကို ပြည်သူကထောက်ပြတာကို လက်မခံဘဲနဲ့ ဖမ်းဆီးနေမယ်ဆိုရင် ပြည်သူ့အစိုးရလို့ ပြောလို့မရတော့ဘူး"
ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ ရေးသားခဲ့ တာတွေအပြင် ဒေါက်တာအေးမောင်ရဲ့ အမှုရုံးချိန်းတွေမှာ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အခုလိုဖမ်းဆီးခံရတာလို့ ဦးအောင်သန်းဝေက ပြောပါတယ်။
ဦးအောင်သန်းဝေဟာ လက်ရှိမှာ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ဒေါက်တာအေးမောင်ရဲ့ မိတ်ဆွေတစ်ဦးလည်းဖြစ် ပါတယ်။
ဒေသခံရဲအရာရှိတစ်ဦးကတော့ ဦးအောင်သန်းဝေကို အရေးယူဖို့ အမှုဖွင့်တိုင်ကြားလာတာဟာ ဦးတင်မောင်ဆွေ ကိုယ်တိုင်မဟုတ်ဘဲ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမင်းသူက တရားလိုလုပ်ပြီး စစ်တွေမြို့ အမှတ်(၁)မြို့မရဲစခန်းမှာ တိုင်ကြားတာဖြစ်တယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေကို RFA ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေဟာ စစ်ကိုင်းတိုင်းဒေသကြီးရုံးကို ပြောင်းရွှေ့ခံထား ရသူဖြစ်ပြီး လတ်တလောမှာတော့ လစ်လပ်နေတဲ့ သူ့ရဲ့နေရာမှာ တာဝန်ထမ်းဆောင်မယ့်သူ ရောက်မလာသေး တဲ့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ရှိနေသေးတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကလည်း ရခိုင်ပြည်နယ်ရဲ့ ပညာရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး စတာတွေကို ဖေ့စ်ဘွတ်လူ မှုကွန်ရက်မှာ ဝေဖန်ရေးသားလို့ ဆိုပြီး ပြည်နယ်အစိုးရညွှန်ကြားချက်နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)နဲ့ စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။