ပြည်နယ်ဝန်ကြီးချုပ်နေရာ ရရှိရေးမြောက်ဦးမြို့ခံ ၁၀၀ ကျော်ဆန္ဒပြ
2016.03.27

ရခိုင်အမျိုးသားပါတီ (ANP) က ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့စည်းခွင့်နဲ့ ပြည်နယ်ဝန်ကြီးချုပ်နေရာကို ရရှိရေးအတွက် ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဦးဥတ္တမပန်းခြံမှာ ဒေသခံ ၁၀၀ ကျော်လောက် ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
ရခိုင်ပြည်နယ်လွှတ်တော်အတွက် ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ၂၃ နေရာနဲ့ အများဆုံးအနိုင်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီကသာ ပြည်နယ်ဝန်ကြီးချုပ်နေရာကို ရသင့်တယ်လို့ ဆန္ဒဖော်ထုတ်ပွဲမှာပါဝင်ခဲ့တဲ့ မြို့ဦးခေါင်းဆရာတော် အရှင် ဝဏ္ဏသာရ က မိန့်ပါတယ်။
"ရခိုင်ပြည်နယ်အတွင်းမှာ ၂၃ ယောက်လောက် လွှတ်တော်ကိုယ်စားလှယ်တွေ အနိုင်ရထားတဲ့အတွက် ဒီရခိုင်ပြည်နယ်ရဲ့ အစိုးရဝန်ကြီးနေရာတွေ ကို ပေးစေချင်တဲ့ဆန္ဒနဲ့ ပြည်သူလူထုက တောင်းဆိုတာလေ၊ NLD က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သူတို့နိုင်တာမှန်တယ်၊ နောက်ပြီးတော့ရခိုင်ပြည်သူလူထု ကို ပြည်နယ်အစိုးရကပဲ စီမံခန့်ခွဲရမှာဖြစ်တဲ့အတွက် ရခိုင်ပါတီကပဲ ဝန်ကြီးချုပ်ဖြစ်စေချင်တဲ့ဆန္ဒနဲ့ ဆန္ဒထုတ်ဖော်ပွဲကိုလုပ်တာပါ"
ဆန္ဒပြပွဲမှာ လူပုဂ္ဂိုလ်တွေနဲ့ သံဃာတော်တွေက ပြည်နယ်အစိုးရအဖွဲ့ကို ရခိုင်အမျိုးသားပါတီကသာ ရသင့်တဲ့အကြောင်း စည်းရုံးဟောပြောခဲ့ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားတွေ အခွင့်အရေးတန်းတူရရှိမယ့် ဖက်ဒရယ်မူကို ကျင့် သုံးမယ်လို့ ကြွေးကြော်ထားပေမယ့် အခုတိုင်းနဲ့ပြည်နယ် အသီးသီးရဲ့ ဝန်ကြီးချုပ်နေရာတွေကို NLD ပါတီကသာ ရယူဖို့ ကြိုးပမ်းနေတာဟာ အပြောနဲ့အလုပ် ညီညွတ်မှုမရှိတဲ့အကြောင်း ဒီဟောပြောပွဲမှာ ထည့်သွင်း မိန့်ကြားခဲ့တယ်လို့ မြို့ဦးခေါင်းဆရာတော် အရှင် ဝဏ္ဏသာရက မိန့်ပါတယ်။
NLD အစိုးရအနေနဲ့ ရခိုင်ပြည်သူလူထုရဲ့ ဆန္ဒကို အလေးထားဖို့နဲ့ တစ်ပါတီအာဏာရှင်စနစ်ကို ရှောင်ရှားဖို့ စတဲ့အချက်တွေကိုလည်း ဆန္ဒပြသူတွေ က တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် မြောက်ဦးဒေသခံတွေအနေနဲ့ ရခိုင်အမျိုးသားပါတီက ထုတ်ပြန်ထားတဲ့ ၁/၂၀၁၆ နဲ့ ၂/၂၀၁၆ ကြေငြာချက်နှစ်စောင်ကို ထောက်ခံကြောင်းကိုလည်း ဆန္ဒပြသူတွေက ကြွေးကြော်ခဲ့ကြပါတယ်။