ပစ်ခတ်မှုတွေကြောင့် ရှေးဟောင်းအမွေအနှစ် ထိခိုက်ပျက်စီးမှု ဟန့်တားပေးဖို့ အဆိုတင်


2019.04.30
mrauku-pagoda-622.jpg မြောက်ဦးမြို့ အနောက်မြေထဲစေတီပေါ်မှာ လက်နက်ကြီးကျရောက်တာကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့နေရာကို ၂၀၁၉ မတ်လ ၁၆ ရက်နေ့ကတွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်မှုကြောင့် ဘုရားပုထိုး စေတီစတဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ ထိခိုက်ပျက်စီးမှုတွေရှိနေတဲ့အတွက် ထိရောက်တဲ့အစီအမံ အဟန့် အတားတွေပြုလုပ်ပေးဖို့ ရခိုင်ပြည်နယ်လွှတ်တော်ကနေ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို တိုက်တွန်းတဲ့ အဆို ဒီနေ့ တင်သွင်းလိုက်ပါတယ်။

ဒီအဆိုကိုတင်သွင်းခဲ့တဲ့ မြောက်ဦးမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းက ရှေးဟောင်းဇုန်အတွင်းကနေ လက်နက်ကြီးပစ်ခတ်ရာကနေ ဖြစ်ပေါ်လာတဲ့တုန်ခါမှုကြောင့် ထင်ရှားတဲ့ရှေးဟောင်း ကိုးသောင်းပုထိုးတော်ကြီးမှာ အက်ကွဲကြောင်းတွေဖြစ်လာသလို ဘုရားဦးတော် ကျိုးပဲ့မှုတွေလည်းဖြစ်နေတယ်လို့ ပြောပါတယ်။ အဲဒီအဆိုကို ဆက်လက်ဆွေးနွေးဖို့ ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

မြောက်ဦးမြို့မှာရှိတဲ့ တပ်ရင်းဌာနတွေဟာ ရှေးဟောင်းဇုန်အတွင်းမှာတည်ရှိတာဖြစ်ပြီး အဲဒီတပ်ရင်းတွေကအပြင် ရှေးဟောင်းဇုန်နယ်မြေအတွင်းက တောင်ကုန်းတွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေဟာ ဒီနေ့အထိရှိနေဆဲဖြစ်တယ်လို့ဆိုပါတယ်။

ဒီနေ့တင်သွင်းတဲ့ အဆိုရဲ့ရည်ရွယ်ချက်က မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို စစ်မဲ့ဇုန်အဖြစ် အစိုးရက စီမံဆောင်ရွက်ပေးလိုတာဖြစ်တယ်လို့လည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းက ပြောပါတယ်။

အမြောက်ကြီးပစ်ခတ်မှုကြောင့် ကိုးသောင်းဘုရားက ရှေးဟောင်းလက်ရာတွေ အက်ကွဲလာတယ်ဆိုတဲ့ကိစ္စကို မြောက်ဦး ရှေးဟောင်းသုတေသနဌာန ညွှန်ကြားရေးမှူး ဒေါက်တာသိန်းထိုက်က ဧပြီလ ၁၂ ရက်နေ့က RFA ကိုထုတ်ဖော်ပြောဆိုထားပြီး ဒီအပေါ်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက အကြောင်းမရှိအကြောင်းရှာတဲ့ကိစ္စသာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ဒါ့အပြင် ရှေးဟောင်းဇုန်နယ်မြေအတွင်းက စက်ရုံတောင်၊ နိပူဇာတောင်တန်း၊ အမြင့်တောင်၊ ခံတပ်တောင်၊ ရွှေတောင်စေတီတည်ရှိရာတောင်တန်း၊ ရတနာ့မာန်အောင်စေတီအနီးရှိတောင်တွေမှာ ကတုတ်ကျင်းတွေ တူးတာ၊ ရှေးဟောင်းကျောက်တွေနဲ့ ဘန်ကာတွေပြုလုပ်တာ၊ အဲဒီနေရာတွေကနေ လက်နက်ကြီးတွေနဲ့ အဝေးကိုလှမ်းပစ်နေ တာတွေ လုပ်ဆောင်နေကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းက ဒီနေ့လွှတ်တော်မှာ တင်ပြခဲ့ပြီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ အဲဒီနေရာတွေမှာ လက်နက်ကြီးစခန်းတွေ ချထားတာမရှိဘူးလို့ ဧပြီလ ၁၂ ရက်နေ့က ငြင်းဆိုထားပါတယ်။

ဒီနေ့အဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးပြီးနောက် ဆက်လက်ဆွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။