ဖမ်းဆီးခံထားရတဲ့ ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌ ကျန်းမာရေးဆိုးရွားနေ

RFA Burmese
2023.09.22
ဖမ်းဆီးခံထားရတဲ့ ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌ ကျန်းမာရေးဆိုးရွားနေ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကျင်းပသည့် ဆန်ပြဿနာနေ့ အခမ်းအနားတွင် ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးအား တွေ့ရစဉ်။
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ

စစ်ကောင်စီ ဖမ်းဆီးထားတဲ့ စစ်တွေမြို့က ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးဟာ ကျန်းမာရေးဆိုးရွားနေတဲ့အတွက် ဆေးကုသခွင့်ရဖို့ မိသားစုဝင်တွေက လိုလားနေကြပါတယ်။

အသက် ၆၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်ညိုအေးမှာ နာတာရှည်သွေးတိုးရောဂါနဲ့ အသည်းအဆီဖုံး ရောဂါရှိပြီး ပုံမှန်သောက်နေရတဲ့ဆေး လုံလောက်အောင်မရတဲ့အတွက် ဒေါ်ညိုအေးရဲ့ ကျန်းမာရေးအခြေအနေဆိုးဝါးလာတာလို့ ဒေါ်ညိုအေးရဲ့ သမီးဖြစ်သူ မစောမြသန္တာက ပြောပါတယ်။

“အမေက အသက်ကြီးနေပြီဆိုတော့ အရမ်းကြီးလည်း နေမကောင်းလည်း ဖြစ်နေတော့ သမီးတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် အာမခံနဲ့ အပြင်မှာ ဆေးကုသခွင့်ရချင်တာ တစ်ခုပဲ။ ကျွန်မ အရမ်းစိုးရိမ်တယ်”

ဒေါ်ညိုအေး ဆေးကုသခွင့်ရဖို့အတွက် မိသားစုက အာမခံလျှောက်ဖို့ ပြင်ဆင်နေပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း  တရားရုံးထုတ်စစ်ဆေးစဥ်မှာ ဒေါ်ညိုအေး သတိလစ်မူးလဲသွားတဲ့အတွက် စစ်တွေဆေးရုံကို လွှဲပြောင်းပေးလိုက်ပြီးနောက် ဆေးရုံမှာ ကုသခွင့်မပေးဘဲ ထောင်ဆေးရုံကို နေ့ချင်းလွှဲပြောင်းခဲ့ပြီး အခုချိန်အထိ ဆေးကုသခွင့်လုံလောက်အောင် မရခဲ့တာ ဖြစ်ပါတယ်။

ဒေါ်ညိုအေးဟာ သြဂုတ်လ ၁၂ ရက်နေ့က စစ်တွေဆန်ပြဿနာနေ့ အခမ်းအနားတက်ရောက်ပြီးနောက် ဩဂုတ်လ ၁၅ ရက်နေ့မှာတော့ စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှာရှိတဲ့ ရခိုင်အမျိုးသမီးများ ကွန်ရက်ရုံးမှာ ဖမ်းဆီးခံခဲ့ရတာပါ။

ဒေါ်ညိုအေးကို နိုင်ငံတော်ဆူပူမှုဖြစ်အောင် အားပေးလှုံ့ဆော်မှု ပုဒ်မ - ၅၀၅ (ခ)နဲ့ စစ်တွေအမှတ် (၁) ရဲစခန်းမှူး စိုင်းဝင်းက တရားလိုလုပ်ပြီး တရားစွဲဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။