ရခိုင်ပါတီ ဆိုင်းဘုတ်ဖျက်ဆီးခံရ၊ ချင်းပါတီ ဆိုင်းဘုတ်ဖြုတ်ချဖို့ ဖိအားပေး
2015.09.25

ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းကျေးရွာအုပ်စု အနောက်ရွာမှာရှိတဲ့ ရခိုင်အမျိုးသားပါတီ (ANP) ရုံး ဆိုင်းဘုတ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖျက်ဆီးခံလိုက်ရပြီး အဲ့ဒီကျေးရွာမှာရှိတဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးဆိုင်းဘုတ်ကိုလည်း ဖြုတ်ချပေးဖို့ ဖိအားပေးတာတွေရှိတယ်လို့ သိရပါတယ်။
ရခိုင်အမျိုးသားပါတီရဲ့ ဆိုင်းဘုတ်ဖျက်ဆီးခံရတာကို ရဲစခန်းမှာ တိုင်ကြားထားပေမယ့် ထူးခြားမှုမရှိသေးဘူးလို့ အမ်းမြို့နယ် ရခိုင်အမျိုးသားပါတီရဲ့ တွဲဘက်အတွင်းရေးမှူး ဦးဇော်မင်းက ပြောပါတယ်။
"၂၃ ရက်နေ့မှာ ကျနော်တို့ အနောက်ရွာပေါ်ရဲစခန်းမှာ တိုင်ချက်ဖွင့်တယ်၊ ကျနော်တို့က လောလောဆယ် အဲ့ဒီဘက်ခြမ်းမှာ စည်းရုံးရေးမဆင်းသေးဘူး၊ မနေ့က ကျနော်တို့ဆီကို ဖုန်းလာတာက ဆိုင်းဘုတ်ဖျက်ဆီး သွားတယ်တဲ့၊ အခုလောလောဆယ်က ကျနော်တို့က ဘယ်လိုဖြစ်လဲဆိုတော့ ကျနော်တို့ဆိုင်းဘုတ် တစ်ခုတည်း မဟုတ်ပဲနဲ့ နောက်ထပ် ချင်းဒီမိုကရေစီရဲ့ ဆိုင်းဘုတ်တစ်ခုကိုပါ ဖြုတ်ချဖို့ဆိုပြီးတော့ပြောတာရှိတယ်၊ ဖြုတ်ခိုင်း တာပေါ့"
ရခိုင်အမျိုးသားပါတီ ရုံးဆိုင်းဘုတ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့ညက ဖျက်ဆီးခဲ့တာဖြစ်ပြီး အဲဒီနေ့ ညမှာပဲ ချင်းဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးဆိုင်းဘုတ်ကို ဖြုတ်ချပေးဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးတွေ၊ ကျေးရွာလူကြီးတွေက ဖိအားပေးပြောဆိုမှုတွေ ရှိခဲ့တာလို့ သိရှိရပါတယ်။
ဒါ့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက အနောက်ရွာမှာ မဲဆွယ်စည်းရုံးဟောပြောခဲ့ရာမှာ သူတို့ပါတီ ကိုသာ မဲထည့်ကြဖို့နဲ့ မဲမထည့်ရင် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်မပေးဘူးလို့ ထည့်သွင်းပြောဆိုခဲ့ တာကြောင့် ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ တခြားပါတီဝင်တွေအကြား စကားများခဲ့ကြတယ်လို့လည်း သိရပါတယ်။
အမ်းမြို့နယ် ပဒဲကြောကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ရခိုင်အမျိုးသားပါတီနဲ့ ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရုံးဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရပါတယ်။