နိုင်ငံရေးအကျဉ်းသားအားလုံး ရွေးကောက်ပွဲမတိုင်ခင် လွှတ်ပေးရန် ကင်တားနား ပြောကြား
2010.08.17

ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ်လို့ စစ်အစိုးရက ကြေညာလိုက်တဲ့အတွက် ၂၀၁၀ခုနှစ် အတွင်း ရွေးကောက်ပွဲ ပြုလုပ်ပေးမယ်ဆိုတဲ့ ကတိတည်ရာ ရောက်ပေမယ့် လူအများ လက်ခံနိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ လိုအပ်တယ်လို့ မစ္စတာ ကင်တားနားက RFA ကို ပြောပါတယ်။
လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ တာဝန်ရှိတဲ့ မြန်မာနိုင်ငံအနေနဲ့ အခုကျင်းပမယ့် ရွေးကောက်ပွဲအတွက် လွတ်လပ်စွာ ဖော်ပြခွင့် အထူးသဖြင့် လွတ်လပ်စွာ စုရုံးခွင့် စတာတွေကို စစ်အစိုးရအနေနဲ့ အာမခံချက် ပေးသင့်ပါတယ်။ ဒါအပြင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ရွေးကောက်ပွဲမတိုင်ခင် လွှတ်ပေးဖို့လည်း လိုအပ်ပါတယ်လို့ ပြောသွားတာပါ။
မစ္စတာကင်တားနားဟာ လာမယ့် အောက်တိုဘာလမှာ မြန်မာနိုင်ငံက လူ့ အခွင့်အရေး အခြေအနေတွေ တင်ပြနိုင်ဖို့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက ထိုင်းနိုင်ငံမှာ ရှိတဲ့ လူ့အခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေးအတွက် လှုပ်ရှားနေတဲ့ မြန်မာအဖွဲ့ အစည်းတွေကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။ အလားတူပဲ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့ ဒေသတွင်း နိုင်ငံတွေက လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့ ကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ မစ္စတာကင်တားနားက ဆိုပါတယ်။
လာမယ့် အောက်တိုဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေကို မစ္စတာ ကင်တားအနေနဲ့ အစီရင်ခံတင်ပြဖို့ ရှိပြီး လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ကိစ္စကို အလေးပေး တိုက်တွန်းဖို့ ရှိတယ်လို့ သိရပါတယ်။