ပြင်ဦးလွင်မြို့က သိမ်းဆည်းမြေဧက ၄၈၀၀ နီးပါးကို တောင်သူတွေကို ပြန်ပေး
2018.10.31

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့က သိမ်းဆည်းမြေဧက ၄၈၀၀ နီးပါးကို တိုင်းဒေသကြီးအစိုးရအဖွဲ့က တောင်သူတွေထံကို ဒီကနေ့ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက ပြောပါတယ်။
အဲဒီလွှဲပြောင်းပေးအပ်ပွဲကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
၁၉၉၅- ၉၆ ခုနှစ်လောက်မှာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအောက် သမဝါယမဦးစီးဌာနက ကြက်ဆူ ပင်စိုက်ပျိုးရေးအတွက် မြေဧက ၄၅၀၀ ကျော် သိမ်းယူခဲ့တဲ့ထဲက မြေဧက ၄၅၀၀ ကို ပြန်ပေးတာဖြစ် ပါတယ်။
ဒါ့အပြင် ၁၉၉၆-၉၇ ခုနှစ်လောက်မှာ မီးသတ်ဦးစီးဌာနက မီးသတ်သင်တန်းကျောင်းအတွက် မြေဧက ၈၅၀ ကျော်ကို သိမ်းယူခဲ့ပြီး အဲဒီထဲက စီမံကိန်းအတွက် အသုံးမပြုတော့တဲ့ မြေဧက ၂၉၀ ကျော်ကို ပြန်ပေးခဲ့ရာမှာ ဆည်မြောင်း ဝန်ကြီးဌာနက စွန့်လွှတ်မြေတွေကို ကျေးရွာအုပ်စု ၆ ခုက တောင်သူ ၈၇၀ ကျော်ကို ပြန်ပေးခဲ့ပြီး မီးသတ်ဌာနက သိမ်းထားတဲ့ မြေတွေကို တောင်သူ ၆၁ ယောက်ဆီကို ပြန်ပေးတာဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီသိမ်းဆည်းထားတဲ့ မြေတွေထဲမှာ မူလပိုင်ရှင်၊ လက်ရှိလုပ်ကိုင်သူ၊ ကျုးကျော်လုပ်ကိုင်သူတွေ ရှိနေတာကြောင့် မြေယာစိစစ်တာတွေကို ၂ နှစ်လောက်အချိန်ယူ လုပ်ခဲ့ပြီးမှ အခုလိုပြန်ပေးနိုင်တာလို့ ဦးအောင်မင်းက ပြောပါတယ်။