ပြည်မြို့ပေါ် ၁၀ ရပ်ကွက်မှာ ဈေးဆိုင်တချို့ကို ယာယီပိတ်သိမ်းဖို့ ညွှန်ကြား
2016.07.24

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ကူးစက်မြန်တဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ ၁၀၀ နီးပါး ရှိလာတာကြောင့် မြို့တွင်း ရပ်ကွက် ၁၀ ခုက မုန့်ဟင်းခါးဆိုင် ၊ အသုပ်ဆိုင်၊ ဝက်သား တုတ်ထိုးဆိုင်နဲ့ ဝမ်းပျက်ဝမ်းနူးစေတဲ့ အစားအစာအရောင်းဆိုင်တွေကို ယာယီပိတ်သိမ်းဖို့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ညွှန်ကြားလိုက်ပါတယ်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ဖျက်ဖို့အတွက် အဓိကကျတဲ့ ယင်အန္တရာယ်ကာကွယ် နိုင်ဖို့ ကြေညာချက် ထုတ်လိုက်တာလို့ ပြည်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်စိုးစိုးကြည်က ပြောပါတယ်။
"ဒီဝမ်းရောဂါပိုးကိုသယ်တာက ယင်ကောင်၊ အဲ့တော့ ယင်ကောင်နားတဲ့ဟာတွေ စားလို့မဖြစ်ဘူး၊ အဓိက ဒီဆိုင်တွေ ပိတ်သိမ်းရတယ်ဆိုတာက လမ်းဘေးမှာရောင်းတဲ့ အသုပ်ဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ တို့ဟူးသုတ်တို့ဘာတို့ဆိုင်၊ ဝက်သားတုတ်ထိုးဆိုင်တွေ အဲ့ဒါတွေကနေပြီးတော့ နားတဲ့ယင်ကောင်တွေ စားလို့မဖြစ်ဘူး၊ ဒါကြောင့်မို့လို့ အုပ်ချုပ်ရေးကနေပြီးတော့ ဒီဟာကိုထုတ်ပြန်ရတာဖြစ်ပါတယ်"
ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ကစပြီး ပြည်မြို့က ရက်ကွက်တွေထဲ ရေဝင်ရောက်ခဲ့ရာကနေ ရေပြန်မကျသေး တာဖြစ်ပြီး ရေကြီးတဲ့ နောက်ဆက်တွဲအနေနဲ့ ဇူလိုင်လ ၁၁ ရက်နေ့ကစတင်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ် ပွားလာတာဖြစ်ပါတယ်။
လက်ရှိအချိန်ထိ ရောဂါဖြစ်ပွားသူ ၉၈ ဦးထိရှိလာပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေါက်တာ ခင်စိုးစိုးကြည် က ပြောပါတယ်။
ပြည်ခရိုင် မြို့နယ် ၆ ခုထဲက သဲကုန်းမြို့နယ်ကလွဲရင် ကျန်တဲ့ ၅ မြို့နယ်မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေ တာဖြစ်ပြီး ပြည်မြို့က အဆိုးဆုံးဖြစ်တယ် လို့လည်း ပြောပါတယ်။
ရောဂါဖြစ်ပွားတဲ့နေရာတွေမှာ ၂၄ နာရီဆေးခန်းတွေဖွင့်လှစ်ပေးထားပြီး၊ ကျန်းမာရေး ပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။