ပြည်ခရိုင်မှာ ပြည်သူ့စစ်အတွက် စစ်ကောင်စီ လူစုနေကြောင်း ဒေသခံတွေပြော

RFA Burmese
2024.01.11
ပြည်ခရိုင်မှာ ပြည်သူ့စစ်အတွက်  စစ်ကောင်စီ လူစုနေကြောင်း ဒေသခံတွေပြော ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က တွေ့ရစဉ်။
Myanmar Military

ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင် ပန်းတောင်းနဲ့ ရွှေတောင် မြို့နယ်တွေက ကျေးရွာတွေမှာ စစ်ကောင်စီက ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကစလို့ စစ်မှုထမ်းဖို့အတွက် လူစုဆောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

အသက် ၁၈ နှစ်ကနေ အသက် ၆၀ အမျိုးသားတွေကို ရွာရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်စာရေးတွေကနေတစ်ဆင့် လူစာရင်းကောက်ခံနေတာလို့လည်း ဆိုပါတယ်။

ပန်းတောင်းမြို့နယ် ကျေးရွာတွေမှာ လူစာရင်းပေးဖို့အတွက် ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့မြို့နယ်က စစ်တပ်နဲ့ အုပ်ချုပ်ရေးမှူးတွေက မဖြစ်မနေ ရွာတစ်ရွာကို လူအယောက် နှစ်ဆယ် တောင်းခံနေပါတယ်။ တစ်ရွာကို လူနှစ်ဆယ် မပေးရင် ရွာကိုဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်တာတွေ ရှိပါတယ်"

ရွှေတောင်မြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်စုတွေမှာလည်း ပြည်သူ့စစ်ဖွဲ့ဖို့ဆိုပြီး ကျေးရွာ အုပ်စုတစ်စုကို လူအယောက် ၁၄၀ စာရင်းကောက်ခံနေတယ်လို့ ပြောပါတယ်။

အဲဒီက ကျေးရွာ တစ်ရွာကို လူအယောက် ၃၀ ခန့် ပြည်သူ့စစ်ထဲ ဝင်ရမယ်ဆိုတဲ့ ကြေညာချက်တစ်ခုကိုလည်း ထုတ်ပြန်ထားတယ်လို့ ရွှေတောင်ဒေသခံတစ်ဦးက ပြောပါတယ်။

"ရွှေတောင်ဘက်အခြမ်းမှာလည်း တစ်ရွာကို အသက် ၁၈ နှစ်ကနေ အသက် ၆၀ အတွင်း ပြည်သူ့စစ်ထဲ ဝင်ရမယ် ဆိုပြီးတော့ ကြေညာချက် ထုတ်ထားတယ်ဗျ"

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဒေသခံတွေ ကိုယ့်ရပ်ရွာကို ကာကွယ်ဖို့ ဆောင်ရွက်နေတာလို့ ပြောပါတယ်။

"ကျွန်တော်တို့ကတော့ ကျွန်တော်သိသလောက်ပေါ့နော်။ ကျွန်တော်တို့ကတော့ အခုကတော့ ဒီအကြမ်းဖက် လုပ်ရပ်ကို ဒေသခံတွေက ဘယ်သူမှ မလိုလားဘူးပေါ့နော်။ မလိုလားတဲ့ အတွက်ကြောင့် ဒီအကြမ်းဖက်တွေနဲ့ ပတ်သက်ပြီးတော့ ကိုယ့်ဒေသကို ကိုယ် ကာကွယ်ဆောင်ရွက်ဖို့ဆိုပြီးတော့ ဒါဆောင်ရွက်နေတယ်ဆိုတာ အကြမ်းဖျင်း သိရပါတယ်။ ဒါကတော့ သူတို့ရဲ့ အပေါ်မှာ မူတည်ပါတယ်။ ရွာတွေအလိုက် တချို့ဆိုလို့ရှိရင် ကိုယ့်ဒေသကို ဒီ PDF အကြမ်းဖက်တွေနဲ့ လုံးဝအဝင်မခံဘူးဆိုပြီး တော့မှ ကိုယ့်ဒေသ၊ ကိုယ့်ရပ်ရွာကို ကာကွယ်ချင်တဲ့ စိတ်ဓာတ်နဲ့ လူငယ်လူရွယ် တော်တော်များများ ဝင်ရောက်တာကို ကျွန်တော်တို့ စာရင်းပေးတာတွေတော့ သိရပါတယ်နော်"

အခြားတစ်ဖက်မှာလည်း ဒီလို စစ်မှုထမ်းဆောင်ရမယ့်ကိစ္စကြောင့် စိုးရိမ်ကြောက်လန့်မှု တွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါင်းတည်၊ သဲကုန်းနဲ့ ပေါက်ခေါင်းမြို့နယ်တွေမှာတော့ စစ်ကောင်စီက စစ်မှုမထမ်းမနေရ ကိစ္စကို မကြားမိ သေးဘူးလို့ ပြောပါတယ်။

နိုင်ငံတစ်ဝန်း တည်ငြိမ်မှုရစေဖို့ ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကို တိုးမြှင့်လုပ်ဆောင် သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း တတ်စွမ်းသမျှပါဝင်ကြဖို့ စစ်ကောင်စီက ထုတ်ဖော်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။