အဂတိလိုက်စားသူ ၄၆ ဦးကို တရားစွဲခဲ့ကြောင်း ကော်မရှင်ပြော
2019.03.25

၂၀၁၈ ခုနှစ်အတွင်း အဂတိလိုက်စားတယ်လို့ စစ်ဆေးတေ့ွရှိတဲ့ ပုဂ္ဂိုလ် ၄၆ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုနိုင်ခဲ့တယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က မတ်လ ၂၃ ရက်နေ့က ပြောလိုက်ပါတယ်။
ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ကျင်းပတဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောခဲ့တာပါ။
ဆယ်စုနှစ်များစွာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အစီအစဉ်မရှိဘဲ နေလာခဲ့ကြရတဲ့အတွက် ဌာနတွင်း ဝန်ထမ်းအချင်းချင်းဖြစ်စေ၊ ဌာနပြင်ပ စီးပွားရေးလုပ်ငန်းတွေ ဒါမှမဟုတ် အများပြည်သူနဲ့ပတ်သက်ပြီးဖြစ်စေ ထိတေ့ွဆက်ဆံတဲ့အပြုအမူတချို့ဟာ အဂတိလိုက်စားတဲ့ပြစ်မှု ကျူးလွန်ရာရောက်နိုင်တာကို နားမလည်ကြတဲ့အတွက် တရားစွဲဆိုခံရတာတွေ များကြောင်း တေ့ွရှိရတယ်လို့လည်း ပြောခဲ့ပါတယ်။
အဂတိလိုက်စားမှုစနစ်ကို တိုက်ဖျက်ဖို့အတွက် အစိုးရက ကော်မရှင်ကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံးဟာ အဂတိလိုက်စားမှု ပျံ့နှံ့နေတဲ့ နိုင်ငံအဖြစ် သုံးသပ်အကဲဖြတ်တာတွေ ရှိနေပေမယ့် အစိုးရဌာနတွေ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေနဲ့ အရပ်ဘက်အဖွဲ့တွေထဲမှာ အဂတိလိုက်စားတာကို ဆန့်ကျင်သူတွေရှိကြောင်းလည်း ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောခဲ့ပါတယ်။
ကော်မရှင်ရဲ့ လုပ်ဆောင်ချက်အပေါ် အသိအမှတ်ပြု ထောက်ခံသူတွေရှိသလို ပိုမိုလွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိသင့်တယ်လို့ ပြောဆိုသူတွေလည်း ရှိပါတယ်။
၂၀၁၈ ခုနှစ်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ အဂတိလိုက်စားကြောင်း သက်သေ ခိုင်လုံသူ ၄၆ ယောက်ကို တရားစွဲဆိုနိုင်ခဲ့တယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် က မတ်လ ၂၃ ရက်နေ့က ပုသိမ်မြို့မှာ ပြောကြားလိုက်တာပါ။
မြန်မာနိုင်ငံ အခြေအနေအရ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်လို့ ဒီထက်ပိုပြီး အရေးယူဆောင်ရွက်နိုင်ဖို့ လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသူတွေနဲ့ ဥပဒေပညာရှင်တွေက သုံးသပ်ကြပါတယ်။
"ကျွန်တော်တို့ နိုင်ငံ နှစ် ၃၀ ပျက်လာတဲ့ တိုင်းပြည်က ဒီလောက်နဲ့ မလုံလောက်ဘူးပေါ့၊ ဟိုတုန်းက ပြောင်တောင်းတယ်၊ အခု ပြောင်မတောင်းတော့ဘူး၊ အဲဒါပဲကွာသွားတယ် အားလုံးက ဒီအတိုင်းပဲ၊ စည်ပင်ရော၊ လဝကရော၊ ရဲရော၊ ဥပဒေရော၊ ဌာနဆိုင်ရာ ပေါင်းစုံ အကုန်လုံး ဒီအတိုင်းပဲ၊ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကတော့ ထပ်ပြီးတော့ ကြိုးစားနေတယ်ဆိုရင်တော့ ကြိုဆိုပါတယ်ဗျာ၊ ဒါပေမဲ့ ၄၆ ယောက်နဲ့တော့ မရသေးပါဘူးနော်"
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် ပြောသွားတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိန်း ကလည်း လက်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အပေါ် အခုလို သုံးသပ်ပါတယ်။
"အရင်အစိုးရလက်ထက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ စွမ်းဆောင်မှုထက်တော့ ပိုကောင်းလာတယ်လို့ ပြောလို့ရတယ်၊ သို့သော်လည်းပဲ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အဂတိလိုက်စားမှု ပမာဏနဲ့ နှိုင်းဆမယ်ဆိုရင်တော့ ဆင်ပါစပ်ကို နှမ်းပတ်သလောက်ပဲ ရှိတယ်လို့တော့ မြင်တယ်"
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုး ကတော့ အခုလိုအဂတိလိုက်စားမှုတွေကို အရေးယူနိုင်ခဲ့တာဟာ အောင်မြင်မှုတစ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။
"ပြည်သူတွေကို အသိပညာပေးတယ်၊ အဂတိလိုက်စားမှုကို တားဆီးကာကွယ်တယ်၊ နောက်ပြီးတော့ စစ်ဆေး ဖော်ထုတ် အရေးယူတယ်ဆိုတဲ့ အပိုင်းတွေကို လုပ်ငန်းစီမံချက်တွေ ရေးပြီး ဆောင်ရွက်ခဲ့တဲ့ အတွက်ကြောင့် စီးပွားရေးကဏ္ဍ အစိုးရအဖွဲ့အစည်း၊ ပြည်သူတွေကလည်း ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အတွက်ကြောင့် အဂတိလိုက်စားမှုကို ဖော်ထုတ် အရေးယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်"
အဂတိလိုက်စားမှုတွေ ပျံ့နှံ့နေတဲ့ မြန်မာပြည် အခြေအနေအရ အဂတိလိုက်စားမှုတွေကို ဒီထက်ပိုပြီး အရေးယူဆောင်ရွက်နိုင်ဖို့လိုတယ်ဆိုတဲ့ ဝေဖန်မှုတွေရှိနေတဲ့အပေါ် ဦးကျော်စိုး ရဲ့ သဘောထားကို RFA က မေးမြန်းရာမှာတော့ တစ်စုံတစ်ရာ မှတ်ချက်ပြု ဖြေကြားခြင်းမရှိပါဘူး။
အဂတိလိုက်စားမှုတွေနဲ့ပတ်သက်လို့ ကျော်ဇောသတင်းတွေ ထွက်ပေါ်လာတာတွေကို စုံစမ်းစစ်ဆေးတဲ့အပိုင်းမှာ ကော်မရှင်ဖက်က အားနည်းနေသေးတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိန်း က ပြောပါတယ်။
"အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကိုပြင်ဆင်ပြီးတော့၊ ကျော်ဇောသတင်းတွေ၊ တွေ့ရှိချက်တွေအပေါ်မှာ မူတည်ပြီးတော့ အထူးသဖြင့်တော့ အစိုးရပိုင်းက ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေ၊ လွှတ်တော်ပိုင်းက အရေးပါတဲ့နေရာမှာ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေ၊ ပြီးတော့ လက်ရှိ အာဏာရပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ သူတို့ရဲ့ သတင်းထွက်ပေါ်မှုတွေအပေါ်မှာ မူတည်ပြီးတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ စုံစမ်းဖော်ထုတ်အရေးယူနိုင်ဖို့ လိုနေသေးတယ်၊ ဒါပေမဲ့ လက်ရှိအခြေအနေပေါ်မှာ တိုင်စာတွေပေါ်မှာလောက်ကိုပဲ လိုက်လုပ်နေနိုင်သေးတာက ဘယ်လိုမှအားရစရာမဖြစ်ဘူးလို့ ပြောနိုင်တယ်"
ကျော်ဇောသတင်းတွေနဲ့ပတ်သက်ပြီး အဂတိဘက်က အားနည်းချက်ရှိတယ်လို့ ဝေဖန်မှုတွေအပေါ်မှာ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် က အခုလိုပြောပါတယ်။
"ကျော်ဇောမှုအတွက် သူတို့လိုက်ပြီးတော့ စုံစမ်းထောက်လှမ်းတာမရှိဘူးတော့ ပြောလို့မရဘူး၊ သူတို့ဌာနရဲ့ လုပ်ငန်းတွေကို စုံစမ်းထောက်လှမ်းနေစဉ်အတွင်းမှာ ထုတ်ပြန်လေ့မရှိဘူးဆိုတာကိုလည်း သဘောပေါက်ဖို့လိုပါတယ်၊ ကျော်ဇောတိုင်း ဒီအမှုကို လိုက်နေပါပြီ၊ စစ်ဆေးနေပါပြီပြောရင် မမှန်ကန်ပဲနဲ့ စွပ်စွဲခံရတဲ့သူမှာ နစ်နာနိုင်ပါတယ်"
အဂတိလိုက်စားမှုစနစ်ကို တိုက်ဖျက်ဖို့အတွက် အစိုးရက ဆန္ဒပြင်းပြနေပြီး ကော်မရှင်ကိုလည်း လွတ်လပ်စွာလုပ်ပိုင်ခွင့်ပေးထားတယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပုသိမ်မြို့ပွဲမှာ ပြောခဲ့ပါတယ်။
ဥပဒေပညာရှင်တချို့ကတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဟာ လွတ်လပ်စွာ လုပ်ပိုင်ခွင့် မရှိသေးဘူးလို့ သုံးသပ်ပါတယ်။
"NLD မှာက နိုင်ငံရေးက ဒေါ်အောင်ဆန်းစုကြည်က မီးစိမ်းပြမှ လုပ်လို့ရတယ်၊ မီးစိမ်းမပြရင် လွှတ်တော်မှာလည်း ဘာမှ အဆိုတင်ခွင့်မရဘူး၊ ဖမ်းလို့လည်းမရဘူး၊ ဦးကျော်ဝင်း လွှတ်လိုက်တာ လည်း ဒီလိုပဲ၊ နောက် အခု တနင်္သာရီက ဝန်ကြီး ၂ ပါးကိုလည်း အဲလိုပဲ သူတို့လွှတ်လိုက်တယ်၊ NLD က မီးစိမ်းမပြရင် ဖမ်းလို့မရဘူး၊ အဲဒါကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် က မလွတ်လပ်သေးဘူးဆိုတာကို သွားတွေ့ရတယ်"
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် ပြောသွားတာပါ။
လက်ရှိ အာဏာရပါတီက တာဝန်ပေးထားတဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ အဂတိလိုက်စားမှုတချို့ကို ကော်မရှင်က နှုတ်ဆိတ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး RFA က မေးမြန်းရာမှာတော့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် က အခုလို ဖြေကြားပါတယ်။
"ကျွန်တော်တို့ ပါတီက တာဝန်ပေးထားတဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ အဂတိလိုက်စားမှုတွေကို ကျွန်တော်တို့က အကာအကွယ် မပေးဘူး၊ ထိထိရောက်ရောက် အရေးယူတယ်ဆိုတာ ကျွန်တော်တို့ အလုပ်နဲ့ သက်သေပြနေပါတယ်၊ အဲဒါကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် က ဒါတွေကို နှုတ်ဆိတ်နေတယ်ဆိုတာကတော့ ပြင်ပက အမြင်တွေနဲ့ စွပ်စွဲတာပဲ ဖြစ်ပါလိမ့်မယ်"
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ တပ်မတော်အရာရှိတွေ ကျူးလွန်တဲ့ အဂတိလိုက်စားမှုတွေကို ဝင်ရောက်စစ်ဆေးအရေးယူခွင့်မရှိဘူးလို့ ၂၀၁၈ စက်တင်ဘာလကုန်ပိုင်းက ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နဲ့ RFA ရဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ဦးအောင်ကြည် က ဖြေကြားခဲ့တာရှိပါတယ်။
ဒီအပေါ်မှာ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး က အဂတိကော်မရှင်အနေနဲ့ ကျောသားရင်သား မခွဲခြားဘဲ အရေးယူဆောင်ရွက်နိုင်အောင် အားပေးဖို့လိုတယ်လို့ ပြောပါတယ်။
"အရင်ကော်မရှင်ထက် အခုကော်မရှင်က သာတယ် ပိုလုပ်နိုင်တာ တွေ့ရတယ်၊ ပိုပြီးတော့ ထိထိရောက်ရောက် လုပ်နိုင်အောင် စစ်တပ်ကိုလည်း အရေးယူဆောင်ရွက်နိုင်တဲ့ ပါဝါမျိုးရလာအောင် အားပေးရမှာပေါ့နော်၊ အဂတိဆိုတာက စစ်တပ်ကတော့ ကြိုက်တာလုပ် အရပ်ဘက်ပဲ အရေးယူမယ်ဆိုတာက သိပ်အဓိပ္ပါယ်မရှိဘူးလေ၊ ဥပဒေဆိုတာက ကျောသား၊ ရင်သား မခွဲခြားရဘူးလေ၊ တခါတစ်ရံကျတော့လည်း တရားမျှတမှု ရှိရဲ့လားလို့ စဉ်းစားရတာပေါ့နော်၊ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော် လာဘ်ပေး၊ လာဘ်ယူလုပ်တယ်၊ သူယူသွားတဲ့ ပိုက်ဆံက အရင်ဝန်ကြီးချုပ်တွေ ယူသွားတဲ့ ပိုက်ဆံနဲ့ နှိုင်းယှဉ်ရင် ဘယ်လောက်မှ မရှိပါဘူး၊ အဲ့လူတွေကို အရစ်ကျ ပြန်လည်ဆပ်ခွင့်ပြုပြီးတော့ အဲ့လူတွေကိုတော့ အကြောင်းကြောင်းကြောင့် တရားမစွဲရဲဘူးပေါ့နော်၊ ဒေါ်လဲ့လဲ့မော်ကို ဒီလိုလုပ်တာက တရားရဲ့လားလို့ စဉ်းစားစရာဖြစ်နေတယ်၊ ဒီဘက်ကလည်း ဒီဘက်ကတော့ အခွဲခြားဘူး အရေးယူဆောင်ရွက်တာတွေ လုပ်တာပေါ့၊ နှိုင်းယှဉ်ရင်တော့ ပြည်သူ့ဘဏ္ဍာတွေကို အရစ်ကျလည်း ယူခွင့်မရှိဘူး၊ အများနဲ့ သက်ဆိုင်သော ပစ္စည်း ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေအရ ညှိတယ်၊ အဲ့ဒါတွေလည်း တကယ်က လိုက်ရမှာ၊ အဂတိလိုက်စားမှု ကော်မရှင်က အရေးယူဆောင်ရွက်သင့်တယ်လို့ မြင်တယ်"
ကော်မရှင်ရဲ့ အရေးယူဆောင်ရွက်နိုင်ခဲ့တဲ့အမှုတွေထဲမှာ အဂတိလိုက်စားတဲ့ပြစ်မှု ကျူးလွန်ရာရောက်နိုင်တဲ့ အပြုအမူတွေကို နားမလည်ကြဘဲ လုပ်ရိုးလုပ်စဉ်လို့ ယူဆပြီး ဆက်လုပ်နေတဲ့အတွက် တရားစွဲဆိုခံရတာတွေ အဖြစ်များတာကို တေ့ွရတယ် လို့လည်း ကော်မရှင်ဥက္ကဌ ဦးအောင်ကြည် က ပြောထားပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ၂၀၁၈ ခုနှစ်အတွင်း အရေးယူဆောင်ရွက်နိုင်ခဲ့တဲ့ အခြေအနေအပေါ် ပြောစကားတွေကို ကြားခဲ့ရတာပါရှင်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။