ကြံ့ခိုင်ရေးပါတီ ပထမဆုံးသတင်းစာရှင်းလင်းပွဲ ပြုလုပ်

စစ်အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးဟောင်းတွေ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပထမဆုံး အကြိမ် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ကုက္ကိုင်းမှာ ရှိတဲ့ ပါတီဌာချုပ်မှာ ဒီကနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

2010.10.27
htay_oo_usdp_party_305_z.png ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အောက်တိုဘာ ၂၇ ရက်က ကျင်းပသော ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲတွင် ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး ရှင်းလင်းပြောကြားနေပုံ ဖြစ်ပါသည်။ ဗိုလ်ချုပ်ဟောင်း ဦးဌေးဦးသည် စစ်အစိုးရ၏ လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးလည်း ဖြစ်သည်။ (Photo: AFP)
Photo: AFP)

ဒီသတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့တာတွေနဲ့ ပတ်သက်ပြီး ကျော်လွှားနိုင်တယ်လို့ ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောဆိုတယ်လို့ တက်ရောက်ခဲ့တဲ့ သတင်းထောက်တွေက ပြောပါတယ်။

ဒီကနေ့ မွန်းလွဲ၂နာရီက ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပါတီရဲ့ နိုင်ငံရေး၊ စီးပွားရေးစတဲ့ မူဝါဒတွေကို လက်ရှိ လယ်ယာစိုက်ပျိုးရေး ဝန်ကြီး ဦးဌေးဦးက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ သတင်းစာရှင်းပွဲကို တက်ရောက်သူ သတင်းထောက်တဦးက ခုလို ပြောပါတယ်။

အိမ်နီးချင်း မိတ်ဆွေနိုင်ငံတွေ ရှိတဲ့အတွက် နယ်စပ်ကတဆင့် ကုန်စည်တွေ တင်သွင်းနိုင်တာကြောင့် စီးပွားရေး ပိတ်ဆို့မှုကို ကျော်လွှားနိုင်ကြောင်း ဦးဌေးဦးက ပြောကြားသွားတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး တက်ရောက်လာတဲ့ သတင်းထောက်တွေက မေးမြန်းရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အမည်ခံပြီး လမ်းတွေ ခင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းတာတွေ ရှိခဲ့တယ်လို့ အစည်းအဝေး တက်ရောက်သူ နောက်သတင်းထောက်တဦးက ခုလိုပြောပြပါတယ်။

“လမ်းခင်းတဲ့ကိစ္စ၊ လမ်းတဝက်တွေ ခင်းထားတဲ့ ကိစ္စ၊ အဲဒါတွေ မြို့တော်ဝန်ကို မေးတော့ မြို့တော်ဝန်က စိတ်ဆိုးတဲ့သဘော ရှိတယ်။ ဒါပေမဲ့၊ သူနဲ့ မဆိုင်ဘူးတဲ့၊ စည်ပင်က လမ်းဌာနကို သွားမေးပါလို့ ဆိုတယ်။ ဟို ဒါပေမဲ့ အဲဒီလမ်းတွေမှာ ကြံ့ဖွတ်တံဆိပ်တွေ တပ်ထားသလဲပေါ့ဗျာ၊ ဒီလမ်းကို ကြံ့ခိုင်ဖွံ့ဖြိုးရေးက ခင်းတယ်ဆိုတဲ့ ဟာမျိုး၊ အဲဒါကို သူ မဖြေသွားဘူးဗျ။”

အလားတူ သတင်းထောက်တွေက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ သတင်းပြန်ကြားရေးအဖွဲ့ ထားပေးဖို့ မေးခွန်းတွေ မေးခွင့်ပေးဖို့ ပြောဆိုချက်ကို ဦးဌေးဦးက ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ သတင်းစာရှင်းပွဲကို သတင်းထောက် ၄၀ ခန့် လာတက်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။