ထောင်ဒဏ် နှစ်စေ့၍ တွံတေး NLD အဖွဲ့ဝင် ဦးချစ်ခင် လွတ်မြောက်
2010.12.17

ဒီအကြောင်းအသေးစိတ်ကိုတော့ RFA သတင်းထောက် ဦးအောင်မိုးမြင့် က သတင်းပေးပို့ထားပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့ ၂၀၀၈ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ အဲန်အယ်လ်ဒီ ရုံးချူပ်ရှေ့မှာ အဖွဲ့ဝင်တွေက ငှက်တွေ လွှတ်ပြီး ဆုတောင်းမေတ္တာ ပို့သနေတုန်း လူအင်အား ၃၀၀ ခန့် ရှိတဲ့ စွမ်းအားရှင်လို့ ယူဆရသူတွေဟာ ဒိုင်နာကား ၁၀ စီးနဲ့ ရောက်ရှိလာပြီး ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တဲ့ အဖွဲ့ဝင် ၁၄ ဦးထဲမှာ တွံတေးမြို့နယ် မြို့နယ်စည်းအဖွဲ့ဝင် ဦးချစ်ခင်လည်း ပါဝင်ခဲ့ပါတယ်။
အဲဒီနောက် နိုဝင်ဘာလထဲမှာ အဲန်အယ်လ်ဒီ အဖွဲ့ဝင် ၁၄ ဦးလုံးကို ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်ခဲ့ပြီး မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာရှိတဲ့ အကျဉ်းထောင် အသီးသီးကို ပို့ဆောင်ခဲ့ပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ သောကြာနေ့ မနက် ၈ နာရီကျော်လောက်မှာတော့ ထောင်ဒဏ် ချမှတ်ခံထားရတဲ့ သက်တမ်း ၂ နှစ်ခွဲ ပြည့်ခဲ့ပြီး ဖြစ်တာကြောင့် ကော့သောင်း အကျဉ်းထောင်ကနေ ပြန်လည် လွှတ်ပေးလိုက်တယ်လို့ ဦးချစ်ခင်က ပြောပါတယ်။
“ကျနော်တို့ ထောင်ကျတဲ့ရက် သတ်မှတ်တဲ့ ရက်စေ့လို့ လွှတ်ပေးလိုက်တဲ့ သဘောပေါ့။ အတိအကျပဲ ခင်ဗျ။ တရက်တောင် မလျှော့ပါဘူး။ ကော့သောင်ကတော့ ကျနော် တယောက်တည်းပါ။ ကျန်းမာရေးကတော့ ကျနော်တို့ နေ့စဉ် လာလာပြီးတော့ သွေးတိုင်းတာတွေ ဘာတွေ ဆရာဝန်လာတယ် ဆရာဝန်လည်း အမြဲတမ်း လာပေးပါတယ်။ တခြားနိုင်ငံရေး အကျဉ်းသမားတွေကတော့ သူတို့လည်း ကျန်းမာရေး ကောင်းပါတယ်။ ကျနော်တို့လိုပဲ ကျနော်တို့နဲ့ သူတို့နဲ့ဆိုရင် တိုက်ခန်းက ကျောကပ်။ သူတို့ဆီလည်း ကျနော်တို့ မသွားရဘူး။ ကျနော်တို့ဆီလည်း သူတို့ မလာရဘူး။”
အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ဦးချစ်ခင် က ဒီကနေ့ ကော့သောင်း အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့အတွက် အလွန် ဝမ်းမြောက်ကြောင်းနဲ့ နိုင်ငံရေး ဆက်လက် လုပ်ကိုင်ဖို့ စဉ်စားမှာ ဖြစ်ကြောင်းပြောပါတယ်။