တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် ၆ ဦး လွှတ်တော်မှ ဒီနေ့ အတည်ပြု


2016.03.28
phyominthein-minister-620.jpg ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့ ဦးဖြိုးမင်းသိန်း ကို တွေ့ရစဉ်
Photo: Htet Arker/ RFA

နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ် ၁၄ ဦးကို အဆိုပြုရာမှာ ဒီကနေ့ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီ၊ ကရင် ၊ ရှမ်း စတဲ့ လွှတ်တော်တွေမှာ ဝန်ကြီးချုပ် ၆ ဦးကို အတည်ပြုလိုက်ပါတယ်။

အဆိုပြုခံထားရတဲ့ ဝန်ကြီးချုပ်အားလုံးဟာ NLD ပါတီရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေ သာဖြစ်ပြီး တိုင်းရင်းသားနိုင်ငံရေးပါတီတွေက မပါရှိပါဘူး။

အတည်ပြုလိုက်တဲ့ ဝန်ကြီးချုပ်တွေက ရန်ကုန်တိုင်း ဝန်ကြီးချုပ်အဖြစ် လှည်းကူးမြို့နယ် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း၊ ပဲခူးတိုင်းဝန်ကြီးချုပ်အဖြစ် ရေတာရှည် မြို့နယ် ကိုယ်စားလှယ် ဦးဝင်းသိန်း၊ ဧရာဝတီတိုင်း ဝန်ကြီးချုပ်အဖြစ် ကျုံပျော်မြို့နယ် ကိုယ်စားလှယ် ဦးမန်းဂျော်နီ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် လားရှိုးမြို့နယ် ကိုယ်စားလှယ် ဒေါက်တာလင်းထွဋ် တို့ဖြစ်ပါတယ်။

ဝန်ကြီးချုပ်အဖြစ် အတည်ပြုခံရသူတွေထဲမှာ အမျိုးသမီး ၂ ဦးပါဝင်ပြီး ဘားအံမြို့နယ် ကိုယ်စားလှယ် ဒေါ်နန်း ခင်ထွေးမြင့်ကို ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ သရက်ချောင်း မြို့နယ် ကိုယ်စားလှယ် ဒေါက်တာလဲ့လဲ့မော်ကို တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် အတည်ပြုခဲ့ပါတယ်။

ကျန်တဲ့ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ချင်း၊ ကယား၊ ရခိုင် တို့မှာ ဝန်ကြီးချုပ် အမည်စာရင်းတွေကို ဒီနေ့ တင်သွင်းခဲ့ ပြီး ကန့်ကွက်လိုသူတွေရှိရင် တင်ပြရမှာဖြစ်ပြီး မနက်ဖြန် ဆက်လက်ဆွေးနွေးအတည်ပြုမှာဖြစ်ပါတယ်။

ကချင်ပြည်နယ်လွှတ်တော်အစည်းအဝေးကိုတော့ ဒီနေ့ကျင်းပခြင်းမရှိဘဲ မနက်ဖြန် ကျင်းပမှသာ ပြည်နယ် ဝန်ကြီးချုပ်အမည်ကို တင်သွင်းမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် မြစ်ကြီးနားမြို့နယ် ကိုယ်စားလှယ် ဒေါက်တာ ခက်အောင် ဆိုပြီး နာမည်ထွက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။