ပြင်ပဒေါ်လာဈေးနဲ့ ပြည်တွင်းရွှေဈေး စံချိန်တင်မြင့်တက်

2022.07.27
ပြင်ပဒေါ်လာဈေးနဲ့ ပြည်တွင်းရွှေဈေး စံချိန်တင်မြင့်တက် ရန်ကုန်မြို့က ရွှေဆိုင်တစ်ဆိုင်မှာ ရွှေထည်ပစ္စည်းများရောင်းချနေတာကို တွေ့ရစဉ်
Photo: REUTERS

စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဆက်တိုက်မြင့်တက်နေတဲ့ ပြည်တွင်းဒေါ်လာဈေး နဲ့ ရွှေဈေးဟာ ဇူလိုင်လ ၂၇ ရက် ဒီကနေ့မှာတော့ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ကျပ် ၂၅၀၀ ကျော်အထိ ရောက်လာသလို အခေါက်ရွှေ တစ်ကျပ်သားကလည်း ကျပ်ငွေ ၂၃ သိန်းအထိ ရောက်နေပြီလို့ စီးပွားရေး လုပ်ငန်းရှင်တွေက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တစ်ဒေါ်လာကို ၂၀၀၀ ကျပ်ခန့်သာရှိခဲ့ပြီး ရက်အနည်းငယ်အတွင်း ၂၅၀၀ ကျော်အထိ ခုန်တက်သွားတာပါ။

ဒီကနေ့ မြန်မာ့အကယ်ဒမီ အခေါက်ရွှေဈေးကလည်း တစ်ကျပ်သားကို ကျပ် ၂၃ သိန်း ကျော်အထိ မြင့်တက်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေဆိုင်ပိုင်ရှင်တစ်ဦး က RFA ကို ပြောပါတယ်။

"ကမ္ဘာ့ရွှေဈေးကို လက်ရှိပေါက်နေတဲ့ ဒေါ်လာဈေးနဲ့ မြှောက်လိုက်လို့ ဒီလို ၂၃ သိန်း ကျော်အထိ ဖြစ်လာတာ။ အဲဒါအပြင် ရောင်းလိုအား၊ ဝယ်လိုအားအပေါ် မူတည်တယ်။ မနေ့က ဒေါ်လာပေါက်ဈေးဆို ၂၅၅၀ လောက်အထိ ရှိတယ်။ အဲဒီဈေးနဲ့ မြှောက်လိုက် တော့ ဈေးက တက်သွားတာ"

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ပြင်ပပေါက်ဈေး အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ကျပ် ၁၃၄၀ သာ ရှိခဲ့သလို အခေါက်ရွှေဈေးကလည်း တစ်ကျပ်သားကို ကျပ် ၁၀ သိန်းဝန်းကျင်သာ ရှိခဲ့တာပါ။

ပြင်ပမှာ ဈေးကွက်ကစားသူတွေကြောင့် ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ မြင့်တက်လာတာ ဖြစ်တယ်လို့ ရွှေလုပ်ငန်ရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က RFA ကို ပြောပါတယ်။

"အပြင်မှာ ဈေးကစားတဲ့ အဖွဲ့တွေရှိတယ်။ သူတို့က မနက်ဆိုတာနဲ့ ဒေါ်လာစျေးကို ၂၅၀၀ ဈေးတို့၊ ၂၈၀၀ ဈေးတို့နဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာတင်ပြီး လုပ်နေကြတာ။ ဘတ်ဈေး ကလည်း တက်နေတယ်လေ။ အဲလိုဈေးတွေနဲ့ တွက်ပြီး ရောင်းနေကြတာ။ ဈေး ကစားတဲ့လူတွေ ဖွင့်တဲ့ဈေးကတစ်မျိုး၊ ကျနော်တို့က ဖွင့်တာကတစ်မျိုး ဖြစ်နေတာပါ။ ဈေးကတော့ မကျနိုင်ဘူးဗျ"

စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဒေါ်လာကန့်သတ်ချက်အမိန့်ကို အခုနှစ်ဆန်းမှာ ထုတ်ပြန် ခဲ့ပြီး ဗဟိုဘဏ်ပေါက်ဈေး အမေရိကန် တစ်ဒေါ်လာကို ကျပ် ၁၈၅၀ သာ သတ်မှတ်ထား ပါတယ်။

ဒေါ်လာငွေနဲ့ သုံးစွဲလုပ်ကိုင်ရတဲ့ နိုင်ငံခြားသား အစုရှယ်ယာပါဝင်တဲ့ ကုမ္ပဏီတွေအပါအဝင် သွင်းကုန်ထုတ်ကုန် ကုမ္ပဏီတွေအားလုံးရဲ့ ဒေါ်လာသုံးစွဲမှုကိုပါ ကန့်သတ်ထိန်းချုပ် ထားပါတယ်။

ဒါ့အပြင် ဒေါ်လာစီးဆင်းမှုကို ထိန်းချုပ်တဲ့အနေနဲ့ ပြည်ပကနေ ချေးယူထားတဲ့ ချေးငွေနဲ့ အတိုးတွေကို ပြန်မဆပ်သေးဘဲ ဆိုင်းငံ့ထားဖို့ စစ်ကောင်စီ ဗဟိုဘဏ်က ဇူလိုင် ၁၃ ရက် နေ့က ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။