ရက်တရာ နိုင်ငံရေးဆောင်ရွက်ချက်များ သမ္မတအကြံပေးပုဂ္ဂိုလ် ကာကွယ်ပြောကြား

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍနဲ့ မြန်မာအစိုးရသစ်ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စ ဖြစ်ပေါ်လာရေးဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာပဲ ပိုပြီးမူတည်တယ် လို့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင်က RFA ကို ဒီကနေ့ ထုတ်ဖော် ပြောကြားပါတယ်။

2011.07.17
president_thein_sein_305_z.png သမတ ဦးသိန်းစိန် (အလယ်) နှင့် ဒုတိယ သမတများ ဖြစ်သော ဦးတင်အောင်မြင့်ဦး (ဝဲ)၊ ဒေါက်တာ စိုင်းမောက်ခမ်း (ယာ) တို့ ဧပြီ ၁ ရက်နေ့က အစိုးရအဖွဲ့သစ် တာဝန်များ အသီးသီး ယူပြီးနောက် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP / HO / MNA)
Photo: AFP / HO / MNA

ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကို နိုင်ငံရေးမလုပ်ဖို့ ခြိမ်းခြောက်လာတာတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို သာမန် ပြည်သူတဦးလို ပြောဆို ဆက်ဆံလာတာတွေနဲ့ ဆက်စပ်ပြီး သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောကြားလိုက်တာပါ။

“အဲဒီဟာလည်းပဲ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ထင်ပါတယ်။ လုပ်ရကိုင်ရမယ့် ဘယ်တိုင်းပြည်မှာမဆို Game တခု ကစားတယ်ဆိုရင် Game ရဲ့ Rule ထဲမှာ ဝင်ပြီး ကစားလို့ကတော့ ဘယ်လိုပဲလုပ်လုပ် အားလုံးက ခွင့်ပြုမှာပါပဲ။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကြေညာချက် ပေးစာထဲမှာလည်း တွေ့တာတော့… လူမှုရေး လုပ်ချင်တယ်ဆိုရင်လည်း လူမှုရေးအရ အသင်းအဖွဲ့ မှတ်ပုံတင်ပြီးလုပ်ပါ သူတို့လုပ်ပေးပါ့မယ်… တကယ်လို့ ပါတီအဖြစ်နဲ့ပဲ မှတ်ပုံတင်ပြီး ပြန်ပြီးတော့ ပါမယ်၊ ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို ယူပြီးတော့မှ ရွေးကောက်ပွဲဝင်မယ် ဆိုရင်လည်း ဖွင့်ပေးမယ်… ဆိုတာ သမ္မတကြီး မိန့်ခွန်းထဲမှာလည်း ပါပြီးသားပါ။ ဆိုတော့ ဒါကတော့ သူ့အပေါ်မှာပဲ ပိုပြီးတော့ မူတည်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်”

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးမှာ အများမျှော်လင့် ထားသလို မဖြစ်လာတဲ့ အချက်ကိုလည်း ဦးကိုကိုလှိုင်က အခုလို ကာကွယ်ပြောကြားပါတယ်။

“ဒီဟာတော့ ချက်ခြင်းကြီး၊ ဟို… ဒီ… နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ပုဂ္ဂိုလ်တွေပေါ့ဗျာ၊ အဲဒီအထဲမှာဆိုရင်လည်း လူမျိုးစုံ ပါတာပေါ့နော်။ တကယ့်ကို သူတို့ဟာသူတို့ ယုံကြည်ချက်နဲ့ လုပ်ကြတယ်၊ သူတို့ဟာသူတို့ ဟိုဒင်း ဖြစ်ပြီးတော့မှ အထဲရောက်သွားကြသူတွေ ရှိသလို တချို့ကျတော့လည်းပဲ ဆူပူအောင် လှုံ့ဆော်တယ်၊ ဒါမှမဟုတ်ရင်လည်းပဲ အကြမ်းဖက်ကြတယ်ပေါ့နော်။ အကြမ်းဖက်တဲ့အုပ်စုတွေနဲ့ ဆက်သွယ်တယ်၊ အကြမ်းဖက်ဖို့ လုပ်တဲ့ထဲမှာ ပါတယ်၊ အဲလိုမျိုးတွေလည်း ဝင်သွားတာတွေ ရှိတယ်။ ဆိုတော့… အကုန်လုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမယ် ဆိုလို့ရှိရင် ဒီလို နိုင်ငံ စပြီး ထူထောင်ခါစ အချိန်မှာ ဗြောင်းဆန်သွားနိုင်တဲ့ အနေအထားမျိုးရှိတယ် ဆိုတာလည်းပဲ သတိထားရမှာပေ့ါနော်။ တဘက်မှာလည်းပဲ သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် လုပ်ပိုင်ခွင့်ကို ဆုတ်ကိုင်ထားနိုင်တယ် ဆိုပေမယ့်လည်း နိုင်ငံတည်ငြိမ်ရေးကလည်း သူ့ရဲ့ တာဝန်ခံ ဖြစ်နေတာကိုး။ အဲဒီတော့ ဒါက အပြင်ဘက်က Pressure ပေးတိုင်း လိုက်လုပ်နေရမယ့် အနေအထားမျိုး မဟုတ်ဘူးလေ”

ဦးသိန်းစိန်အစိုးရ ရက်ပေါင်းတရာအတွင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားအရေးတွေနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင်ရဲ့ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို တဆက်တည်း နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-07-18 07:09

thank