ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့တွေ ဖွဲ့စည်းဖို့ သမ္မတ တိုက်တွန်း


2013.07.22
all-religious-organization-305.jpg သမ္မတ ဦးသိန်းစိန်သည် ဇူလိုင်လ ၂၂ ရက်နေ့တွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ဝင်တွေနဲ့ ရန်ကုန်မြို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တွေဆုံနေစဉ်
photo: President Office Website

မြန်မာနိုင်ငံမှာ ဘာသာရေးဆန်ဆန် ပဋိပက္ခတွေ ထပ်မံဖြစ်ပွားမှုမရှိအောင် ကာကွယ်တားဆီးနိုင်ဖို့အတွက် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့တွေကိုဖွဲ့စည်းဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ မနေ့က ဘာသာပေါင်းစုံက ခေါင်းဆောင်တွေနဲ့ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံစဉ်မှာ သမ္မတကပြောခဲ့တယ်လို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ ဦးစီးနာယက သံအမတ်ကြီး ဦးလှမောင်က RFA ကို အခုလိုပြောပါတယ်။

"ရခိုင်မှာဖြစ်တဲ့ကိစ္စ နောက်မိတ္ထီလာတို့ ဘာတို့မှာဖြစ်တဲ့ကိစ္စ၊ ဘာသာရေး ပဋိပက္ခ မဟုတ်ပေမယ့် ဘာသာရေးအသွင်ပြောင်း ပြီးတော့ ဖြစ်တာလေးတွေကို သမ္မတကြီးက အဲဒါတွေကို ဘယ်လိုပြေလည်အောင်ဖြေရှင်းမလဲ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ကကူပါ၊ အဲဒီရခိုင်ကိစ္စပြီးတဲ့နောက်ပိုင်းမှာ တိုင်းနဲ့ပြည်နယ်တွေမှာဖွဲ့ပါ၊ မြို့နယ်တွေမှာဖွဲ့ပါ၊ အရေးကြီးတဲ့နေရာတွေကို မြန်ဆန်စွာဖွဲ့ပြီးတဲ့အခါကျတော့ ဒုက္ခရောက်နေတဲ့ဟာ ကူညီပံ့ပိုးဖို့ ဘာသာပေါင်းစုံညီညွှတ်ရေးက ဟောပြောပွဲတွေလုပ်ဖို့ တစ်ယောက်နဲ့ တစ်ယောက် ဘာသာတရားနဲ့ ပတ်သက်လို့ နားလည်ဖို့၊ ညီညွှတ်ဖို့လည်းလုပ်ကြပါလို့ ဒီလိုပြောသွားတယ်"

ဘာသာပေါင်းစုံချစ်ကြည်ရေး(ဗဟို)အနေနဲ့ အခုလက်ရှိမှာ အဖွဲ့တွေကို ရန်ကုန်နဲ့ မန္တလေးမှာ ဖွဲ့စည်းထားပြီးဖြစ်သလို ပဲခူးမှာလည်းဖွဲ့စည်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ပဋိပက္ခတွေ ဖြစ်ပွားစေမှုမရှိဖို့အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားတိုးတက်ရေးအတွက် လုပ်ဆောင်သင့်တာတွေကိုပါ ဆွေးနွေးပွဲတက်ရောက်ကြတဲ့ န်ကြီးတွေက သမ္မတနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။