လွှတ်တော်ရဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ စိစစ်သုံးသပ်ဖို့ သမ္မတ ပြော
2013.12.08

လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ ရရှိထားတဲ့ မြို့နယ်တစ်မြို့နယ်အတွက် ငွေကျပ်သိန်းတစ်ထောင် စီကို ကိုယ်စားလှယ်တွေ သုံးစွဲရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီမှုရှိ၊ မရှိ စိစစ်သုံးသပ် ဖို့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာပေးပို့ထားပါတယ်။
လွှတ်တော် ကိုယ်စားလှယ်တွေဟာ ခွင့်ပြုရရှိ ထားတဲ့ ငွေကျပ်သိန်းတစ်ထောင်ကို သက်ဆိုင်ရာ မြို့နယ်က တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ မြို့နယ်ဖွံ့ဖြိုးရေး အထောက် အကူပြု ကော်မတီဝင်တွေနဲ့ ညှိနှိုင်းဆောင်ရွက် ရမှာ ဖြစ်ပါတယ်။
နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၃၃၀ မှာ သောက်သုံးရေရရှိရေး၊ ကျေးလက်လမ်းတံတားပြုပြင်ရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦး ပြင်ဆင်ရေး၊ ပျက်ယွင်းနေတဲ့ စာသင်ကျောင်း ပြုပြင်ရေး၊ အခြားပြည်သူ့လိုအပ်ချက်တွေစတဲ့ ခေါင်းစဉ် ၅ခုနဲ့ ငွေကျပ်သိန်းတစ်ထောင်ကို သုံးစွဲရမှာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။
အဲ့ဒီငွေတွေကို အစိုးရဝန်ကြီးဌာန စီမံကိန်းတွေမှာမပါတဲ့ ဒေသတွေက လိုအပ်ချက်တွေကို အဓိကထားသုံးစွဲရမှာဖြစ်ပြီး ဖွံ့ဖြိုးရေးရန်ပုံငွေ ထိန်းသိမ်းခြင်းနဲ့ သုံးစွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ရက်နေ့က ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ပေးခဲ့ပါတယ်။
အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မဇင်မာဝင်း ပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။