မတ်လ ၃ဝ ရက်နေ့ ကတိသစ္စာပြုမည်
2016.03.28

လာမယ့် မတ်လ ၃ဝ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်နဲ့ ပြည်ထောင်စုဝန်ကြီးတွေက ကတိသစ္စာပြုကြပြီး သမ္မတ ဦးထင်ကျော်က မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။
ဒီနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး လွှတ်တော်ကိုယ်စားလှယ်တွေထံ ဖြန့်ဝေတဲ့ မတ်လ ၃ဝ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အစီအစဉ်မှာ ပါရှိတာဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း ရှေ့မှောက်မှာ သမ္မတအဖြစ် ရွေးချယ်ခံထားရတဲ့ ဦးထင်ကျော်အပြင် ပြည်ထောင်စုဝန်ကြီးတွေ၊ ခုံရုံးအဖွဲ့ဝင်တွေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ ကတိသစ္စာပြုမှာဖြစ်ပါတယ်။
အဲ့ဒီနေ့မှာပဲ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ် ၁၄ ဦးကလည်း သက်ဆိုင်ရာလွှတ်တော် ဥက္ကဌတွေရှေ့မှောက် မှာ ကတိသစ္စာပြုကြမှာဖြစ်တယ်လို့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌတွေက ပြောပါတယ်။