ပရီမီယာကော်ဖီစက်ရုံ အလုပ်သမားတွေ ဆန္ဒပြ
2018.02.23

ပရီမီယာကော်ဖီ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေတဲ့ ပရီမီယာကော်ဖီ စက်ရုံအလုပ်သမား ၇၀၀ ကျော် ဟာ အချက် ၁၄ ချက်ပါ တောင်းဆိုချက်တွေကို စက်ရုံဘက်ကနေ ဒီကနေ့အထိ ပြေလည်အောင် ညှိနှိုင်းမပေးတဲ့ အတွက် ဒီကနေ့ စက်ရုံရှေ့ကနေ လှိုင်သာယာမြို့နယ် အားကစားကွင်းထဲအထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
အလုပ်သမားတွေ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့တာ ဖေဖော်ဝါရီလ ၂ ရက်နေ့ကတည်းကဖြစ် ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှစကာ ဆန္ဒပြအလုပ်သများတွေနဲ့ အလုပ်ရှင်ဘက်က ကိုယ်စားလှယ်တွေ ၆ ကြိမ်တိုင် ညှိနှိုင်းခဲ့ပေမဲ့ အခုချိန်အထိ ပြေလည်မှုလည်း မရသေးသလို မြို့နယ်ခုံသမာဓိကောင်စီကိုလည်း လွှဲမပေးသေးဘူးလို့ သိရပါတယ်။
ပရီမီယာကော်ဖီစက်ရုံ အလုပ်သမားတွေဟာ အခုလ ၂ ရက်နေ့ကစပြီး လုပ်ခလစာပြဿနာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ခွင့်ခံစားခွင့်နဲ့ တန်းတူညီမျှမူ ပြဿနာတွေအပါဝင် တောင်းဆိုချက် ၁၄ ချက် ကို တောင်းဆိုနေတာပါ။
လက်ရှိအချိန်ထိ အချက် ၆ ချက်ကိုပဲ အလုပ်ရှင်ဘက်က သဘောတူသေးတာဖြစ်ပြီး အဲဒီအချက်တွေကလည်း အရင်ကတည်းက ဥပဒေပါ ခံစားခွင့်တွေဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်ရဲ့ ဦးဆောင်ကော်မတီဝင်တွေက ပြောပါတယ်။
ဆန္ဒပြအလုပ်သများတွေနဲ့ စက်ရုံဘက်ကတာဝန်ရှိသူတွေ ၆ ကြိမ်တိုင် တွေ့ဆုံညှိနှိုင်းခဲ့ပေမယ့် တောင်းဆို ချက်ထဲက အဓိကကျတဲ့ အချက်တွေကို ပြေလည်မညှိနှိုင်းနိုင်တာကြောင့် ခုလို ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်။
နောက်ထပ်တစ်ကြိမ် တွေ့ဆုံညှိနိုင်းမှုအဖြစ် အခုလ ၂၇ ရက်နေ့မှာ ပြုလုပ်ဖို့ရှိပေမယ့် စက်ရုံဘက် ကတော့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ အလုပ်ပြန်မဝင်ရင် အလိုအလျောက် အလုပ်နုတ်ထွက်ပြီးသားဖြစ်တယ်ဆိုပြီး စက်ရုံရှေ့မှာ စာကပ်ထားပါတယ်။