ပရီမီယာကော်ဖီမစ်စက်ရုံ အလုပ်သမားနဲ့ အလုပ်ရှင် ညှိနှိုင်းမရ

ပရီမီယာကော်ဖီမစ်စက်ရုံ အလုပ်သမားတွေ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဆန္ဒပြစဉ်
ပရီမီယာကော်ဖီမစ်စက်ရုံ အလုပ်သမားတွေ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဆန္ဒပြစဉ် (Photo: Thant Zin Oo/RFA)

အလုပ်သမား အခွင့်အရေးတွေရရှိဖို့ တောင်းဆိုနေတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၃ မှာ ပရီမီယာ ကော်ဖီမစ်စက်ရုံက အလုပ်သမား ၇၀၀ လောက်ရဲ့ ကိုယ်စားလှယ်တွေနဲ့ အလုပ်ရှင် ကိုယ်စားလှယ်တွေ ဒီနေ့တွေ့ဆုံညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့ကြဘူးလို့ အလုပ်သမားတွေ က ဒီနေ့ ပြောပါတယ်။

အလုပ်ရှင်ကိုယ်စားလှယ်တွေဘက်က လုပ်ငန်းခွင်ထဲ ပြန်လည်ဝင်ရောက်မှ အလုပ်သမားတွေရဲ့ တောင်းဆို ချက်တွေကို ညှိနှိုင်းပေးမယ်လို့ ပြောတာကြောင့် ပြေလည်မှု မရရှိခဲ့တာလို့ ပရီမီယာကော်ဖီ အခြေခံ အလုပ်သမားအဖွဲ့အစည်း အတွင်းရေးမှူး ဒေါ်ခင်မမ က ပြောပါတယ်။

"ညှိနှိုင်းမှုမပြုခင်ဘဲ သူတို့က ညှိနှိုင်းမှုမပြုနိုင်ပါဘူးတဲ့ လုပ်ငန်းခွင်ထဲကို ပြန်လည်ဝင်ရောက်မှသာ ညှိနှိုင်းပေးမယ်လို့ သူတို့ကပြောတယ်၊ အလုပ်သမားတွေကတော့ လုပ်ငန်းခွင်ထဲ ပြန်လည်ဝင်ရောက် တာက ဘာမှ အာမခံချက်မရှိဘူး၊ ညှိနှိုင်းမှုပြုလုပ်ပြီးမှသာ လုပ်ငန်းခွင်ထဲ ပြန်လည်ဝင်ရောက်မှာပါလို့ တညီတညွတ်တည်း ပြောတယ်ပေါ့နော်၊ ဘာမှမညှိနှိုင်းရသေးပဲ ဒီနေ့ပြီးသွားတာပေါ့။"

အဲဒီစုပေါင်းတောင်းဆိုမှုကို ပရီမီယာကော်ဖီ အခြေခံအလုပ်သမားအဖွဲ့အစည်းက ဦးဆောင်တာဖြစ်ပြီး အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နဲ့ ၉ ရက်နေ့တွေထဲက စက်ရုံတွင်းမှာ တောင်းဆိုနေ ခဲ့ကြရာမှာ ပြေလည်မှု မရရှိခဲ့တာကြာင့် ဒီနေ့မှာ စက်ရုံရှေ့ထွက်ပြီး တောင်းဆိုကြတာဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးရုံးမှာ အလုပ်ရှင်ကိုယ်စားလှယ်တွေနဲ့ အလုပ်သမားကိုယ်စားလှယ်တွေ ဒီနေ့ညှိနှိုင်းခဲ့ကြပေမယ့် ပြေလည်မှု မရသေးတာကြောင့် မနက်ဖြန် နေ့လည် ၂ နာရီမှာ ညှိနှိုင်းဖို့ ထပ်မံချိန်းဆိုထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံတာဝန်ရှိသူတွေဘက်ကို RFA က ဆက်သွယ်ရာမှာ ဆက်သွယ်လို့မရခဲ့ပါဘူး။

အလုပ်သမားတွေဟာ လုပ်ခလစာနှုန်းထား တိုးပေးတဲ့စနစ်ကို ပြင်ပေးဖို့၊ အလုပ်သမားတွေ အလုပ်ရှင် အလုပ်သမားစာချုပ်မှာ ချုပ်ဆိုထားတဲ့ အလုပ်ဌာနကလွဲပြီး အခြားဌာနတွေကို ပြောင်းရွှေ့ခိုင်းစေခြင်းမပြုဖို့၊ တရားဝင်ခွင့်တိုင်ပြီး ပျက်ကွက်တဲ့အခါ ရက်မှန်ကြေး မဖြတ်တောက်ဖို့၊ နေ့စားအလုပ်သမားတွေကို အမြဲတမ်းဝန်ထမ်းတွေနဲ့ တန်းတူ ခံစားခွင့်တွေပေးဖို့ အဓိကထား တောင်းဆိုကြတာဖြစ်တယ်လို့ ဒေါ်ခင်မမ က ပြောပါတယ်။

အဲဒီစက်ရုံမှာ အလုပ်သမား စုစုပေါင်း ၉၀၀ လောက်ရှိပြီး ဒီနေ့ အလုပ်မဆင်းဘဲ တောင်းဆိုနေတဲ့ အလုပ်သမား ၇၀၀ မှာ လုပ်သက် အများဆုံး ၁၀ နှစ်ကျော်ကနေ အနည်းဆုံး ၈ လ လုပ်သက်ရှိသူတွေ ပါဝင်ကြပါတယ်။