၈ လေးလုံးငွေရတု အခမ်းအနားအတွက် ရန်ပုံငွေ အနုပညာပြပွဲကျင်းပ
2013.07.22

၈ လေးလုံး ငွေရတု အခမ်းအနားအတွက် ရန်ပုံငွေရှာဖွေတဲ့အနေနဲ့ အနုပညာပြပွဲတစ်ရပ်ကို ဒီနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့ ပြည်လမ်းရှိ ယုဒသန်ခန်းမမှာ စတင်ဖွင့်လှစ်လိုက်ပြီး လာမယ့် ဇူလိုင်လ ၂၄ ရက်နေ့အထိ အနုပညာပွဲကို ဆက်လက်ပြသသွားမှာဖြစ်ပါတယ်။
ဒီနေ့ဖွင့်ပွဲအခမ်းအနားမှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အမှာစကားပြောကြားခဲ့ပြီး ဓါတ်ပုံ၊ ပန်းချီ ၊ကာတွန်း စတာတွေကို ပြသထားပါတယ်။
ဒီပွဲမှာရောင်းချရတဲ့ငွေကြေးကို လာမယ့်သြဂုတ်လမှာ ကျင်းပမယ့် ၈ လေးလုံး ငွေရတု အခမ်းအနားမှာ အသုံးပြုသွားမယ်လို့ ၈၈ မျိုးဆက်ပွင့်လင်းအဖွဲ့က ကိုဂျင်မီက RFA ကို ပြောပါတယ်။
"၈ လေးလုံးအကြို လှုပ်ရှားမှုပေါ့၊ အဲလှုပ်ရှားမှုကို အများပြည်သူသိအောင်လုပ်တဲ့သဘော၊ ယုဒသန်က ရန်ကုန်တက္ကသိုလ်နဲ့ နီးတဲ့အခါကျတော့ ၈၈ ရဲ့ လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ကျောင်းသားတွေ အခုတော့ကျနော်တို့ တော်တော်များများဆုံကြတယ်၊ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ လောက်ကကွဲနေတဲ့ လူတွေကအစ ဒီမှာလာပြီးတော့စုနေကြတယ်၊ ကျနော်ကတော့ ကျနော့်ပန်းချီကားကို အပြတ်လှူလိုက်ပါတယ်၊ ကျန်တဲ့လူတွေလဲ ဒီလိုအပြတ်လှူကြပါတယ်၊ ဒီမှာလှူတဲ့အထဲမှာဆိုရင် ဆရာကြီး ဦးခင်မောင်ရင်တို့၊ ဆရာကြီး ဦးဝင်းဖေတို့ ပန်းချီကားတွေ၊ နောက်ပြီး ကာတွန်းတွေမှာဆိုလို့ရှိရင် တကယ့်ဆရာကြီးတွေရဲ့ ကာတွန်းတွေကို လှူထားတာတွေ့ရပါတယ်၊ အဲဒါတွေအကုန်လုံးက ကျနော်တို့ငွေရတုအခမ်းအနား ကျင်းပတဲ့အခါ အသုံးချသွားမှာပါ"
ဇူလိုင်၂၄ရက်နေ့မှာ ကိုမင်းကိုနိုင် အပါအဝင် ကဗျာဆရာတချို့က ၈ လေးလုံး ဒီမိုကရေစီအရေးနဲ့ ပတ်သက်တဲ့ကဗျာတွေကို ရွတ်ဖတ်ကြမှာဖြစ်ပါတယ်။