အမျိုးသားရေးလှုပ်ရှားသူတွေ ရွှေတိဂုံစေတီမှာ ဆုတောင်းပွဲကျင်းပ
2019.06.12

ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်မှာရှိတဲ့ အောင်မြေအနီးမှာ ဒီကနေ့ ညနေက အမျိုးသားရေး တက်ကြွလှုပ်ရှားတဲ့ သံဃာတွေနဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၁၀၀ ခန့် စုပေါင်းပြီး မေတ္တာပို့ ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
အခုလို မေတ္တာပို့ ဆုတောင်းတာဟာ အရင်ရက်က ဆုတောင်းပွဲတွေမှာလို ဆရာတော် ဦးဝီရသူ လွတ်မြောက်ရေးအတွက် ဆုတောင်းတာလို့ မပြောဘဲ ဗုဒ္ဓသာသနာတော်အတွက် စိုးရိမ်လို့ လာရောက်ဆောင်ရွက်ကြတာလို့ ဆုတောင်းပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။
အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေအနေနဲ့ အမျိုးသားရေးဆရာတော် ဦးဝိရသူကို ဖမ်းဝရမ်းထုတ်ခံရပြီးနောက်မှာ ရွှေတိဂုံစေတီတော်ပေါ်မှာ တက်ရောက်ပြီး မေတ္တာပို့ဆုတောင်းတာ အခုအကြိမ်အပါအဝင် သုံးကြိမ်ရှိနေပြီ ဖြစ်ပါတယ်။
ရွှေတိဂုံစေတီပေါ်မှာ ဒီနေ့ကျင်းပတဲ့ ဆုတောင်းပွဲကျင်းပသူတွေကို စေတီတော် တာဝန်ရှိသူတွေက တာဆီးတာတွေ မရှိပါဘူး။ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရဲ့ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ကျော်က ဆုတောင်းပွဲလုပ်သူတွေဟာ ပုံမှန်ဘုရားဖူးပုံစံ လုပ်ကိုင်ဆောင်ရွက်ခဲ့တာကြောင့် တားဆီးတာတွေ မလုပ်ခဲ့တာဖြစ်ကြောင်းနဲ့ ဆန္ဒပြတဲ့ပုံစံမျိုး ဆောင်ရွက်ရင် ရဲတပ်ဖွဲ့က တားဆီး အရေးယူတာတွေလုပ်ရမှာဖြစ်ကြောင်း ပြောပါတယ်။
အလားတူ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဆရာတော် ဦးဝီရသူ ဘေးကင်းရေး မရမ်းကုန်းမြို့နယ် စွယ်တော်ဘုရားကနေ ကမ္ဘာအေးဘုရားအထိ မနေ့က ကျင်းပတဲ့လမ်းလျှောက် ဆုတောင်းပွဲကို ဦးဆောင်ခဲ့တဲ့ သံဃာ နှစ်ပါးနဲ့ လူ သုံးဦးကို ရန်ကုန် မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့က ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ ဒီနေ့အမှုဖွင့်လိုက်ပါတယ်။
အလားတူ ပြီးခဲ့တဲ့ တနင်္လာနေ့က ဗဟန်းမြို့နယ် ရေခဲဆိုင်မှတ်တိုင်ကနေ ဆူးလေထိ လမ်းလျှောက်ဆုတောင်းပွဲကို ဦးဆောင်ခဲ့တဲ့ သံဃာ လေးပါးနဲ့ လူ ငါးဦးကိုလည်း ဗဟန်းမြို့နယ် ရဲစခန်းက ငြိမ်းစုစီပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။