ဖမ်းဆီးခံကျောင်းသားတွေအတွက် ဆုတောင်းပွဲ ကျင်းပ
2015.10.31

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွှတ်မြောက်စေဖို့အတွက် သံဃာတော်တွေနဲ့ ကျောင်းသူ ကျောင်းသားတွေ စုပေါင်းပြီး ရန်ကုန်မြို့ ဆူးလေဘုရားမှာ ဆုတောင်းပွဲ ကျင်းပခဲ့ ပါတယ်။
အဲဒီဆုတောင်းပွဲမှာ ရွှေဝါရောင်သံဃာကွန်ရက်က ဆရာတော်တွေနဲ့ အခြေခံပညာကျောင်းသားတွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသအဖွဲ့ဝင်တွေ ပါဝင်ကြပါတယ်။
ရွှေဝါရောင်သံဃာကွန်ရက်က ဆရာတော်ဦးအဂ္ဂရာဇာ က သံဃာတော်တွေပါ ပါဝင်ပြီး ဆုတောင်းပွဲပြုလုပ် ရတဲ့အကြောင်း အခုလို မိန့်ကြားခဲ့ပါတယ်။
"သာယာဝတီအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ အောင်မှိုင်းဆန်း အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မြောက်ဖို့အတွက် ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်တာပါ၊ ဦးဇင်းတို့ ရွှေဝါရောင်သံဃာကွန်ရက်အဖွဲ့နဲ့ ဗကသကျောင်းသားတွေ စုပေါင်းပြီးလုပ်တာပါ၊ ဘာသာရေးကိစ္စဖြစ်တဲ့အတွက်ကြောင့် ဘုန်းကြီးတို့ဆုတောင်း တာ ဘာသာရေးကို သက်ဝင်ယုံကြည်တဲ့ မည်သူမဆို ဝတ်ပြုဆုတောင်းလို့ ရတဲ့အတွက်ကြောင့် မည်သူမဆို မိမိကိုးကွယ်ယုံကြည်ရာ ဘာသာတစ်ခုကို ဘာသာရေးအနေနဲ့ ဆုတောင်းခွင့်ရှိပါတယ်"
ဒီနေ့ ဆုတောင်းပွဲကို ဆရာတော်တွေက ဆူးလေဘုရားပေါ်မှာ မေတ္တာသုတ်ရွတ်ပြီး ဆုတောင်းခဲ့ကြသလို ဆူးလေဘုရားအောက်မှာလည်း ဘုရားကို သုံးကြိမ်ပတ်ပြီး ဆုတောင်းခဲ့ကြတာပါ။
အဲဒီလို ဘုရားပတ်ပြီး ဆုတောင်းတာ မလုပ်ဖို့ ကျောက်တံတားစခန်းမှူး ဦးဝင်းတင် က လာရောက် ပြောဆိုခဲ့ ပါတယ်။ ဒီနေ့ဆုတောင်းပွဲကို သံဃာတော်တွေနဲ့ ကျောင်းသားတွေ စုစုပေါင်း ၂၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
ဒီနေ့ဆုတောင်းပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း အရှင်စန္ဒာသီရိ ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
တဆက်တည်းမှာပဲ သာယာဝတီထောင်ထဲမှာ အစာငတ်ခံဆန္ဒပြနေတဲ့ ကိုအောင်မှိုင်းဆန်းနဲ့ ကျောင်းသားတွေ အတွက် စိုးရိမ်ပူပန်ကြောင်းနဲ့ သူတို့ရဲ့ဆန္ဒကို အစိုးရအနေနဲ့ လိုက်လျောဖို့ NNER မြန်မာနိုင်ငံ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
NNER အဖွဲ့က ဒေါ်သူသူမာ ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။