စစ်ကိုင်းတိုင်းက ရွာပေါင်း ၂၅ ရွာ လျှပ်စစ်မီးမရတာ လေးလကျော်လာ

RFA Burmese
2023.07.18
စစ်ကိုင်းတိုင်းက ရွာပေါင်း ၂၅ ရွာ လျှပ်စစ်မီးမရတာ လေးလကျော်လာ ကန့်ဘလူခရိုင်အတွင်းရှိ ဓာတ်အားလိုင်းဖြန့်ဖြူးသည့် တ‌စ်နေရာကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၇ ရက်က တွေ့ရစဉ်။
ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်းမြို့နယ်အတွင်းက ရွာပေါင်း ၂၅ ရွာဟာ လျှပ်စစ်မီးဖြတ်တောက်ခံထားရတာ လေးလကျော်ကြာခဲ့ပြီဖြစ်တဲ့အတွက် နေ့စဉ်စားဝတ်နေရေး အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၁၁ ရက်နေ့ကတည်းက လျှပ်စစ်မီးအဖြတ်ခံရတာဖြစ်ပြီး ပျူစောထီးတပ်ဖွဲ့တွေရှိတဲ့ ကောလင်းမြို့နယ် ကံပေါက်နဲ့ လယ်လှရွာနှစ်ရွာက ထရန်စဖော်မာကနေ မီးဖြတ်ထားတာလို့ ဒေသခံတွေက ဆိုပါတယ်။

ကန့်ဘလူမြို့နယ်မှာ မကျီးကုန်း၊ အင်ငုတ်တို၊ ညောင်ကုန်းနဲ့ လက်ခုပ်ပင်၊ ကောလင်းမြို့နယ်မှာ အောင်ချမ်းသာ၊ ပေတပင်၊ ရွာသစ်၊ ဇမ္ဗူရစ်၊ ခေါင်းဖြူ၊ ပန်းပရဲ၊ သစ်ဆိမ့်ကုန်း၊ ကြာအင်းနဲ့ ယင်းတိုက်ရွာတွေ မီးဖြတ်ခံထားရပါတယ်။

ကျွန်းလှမြို့နယ်မှာလည်း တောင်ယာဆိပ်၊ ဘတ်အင်းသရက်တော၊ သရက်တော၊ ကုက္ကိုကုန်း၊ တကုန်း၊ သံပုရာပင်စု၊ မြဘုံသာ၊ လွှတ်တိုက်၊ မဒေါင်၊ ဆွဲလှဲ၊ မြင်သာဦးနဲ့ အောင်ရန်ကင်းရွာတွေ မီးဖြတ်ခံထားရတာပါ။

ဒီလို ကာလကြာရှည်မီးဖြတ်ခံထားရလို့ ဒေသခံပြည်သူတွေအနေနဲ့ ရေနဲ့ တခြားအခက်အခဲမျိုးစုံ ကြုံတွေ့နေရတယ်လို့ ကျွန်းလှဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကံပေါက်၊ လယ်လှကနေ စဖြတ်လိုက်တာပေါ့။ ပြည်သူတွေ အခက်အခဲဖြစ်အောင် ဖြတ်တာနေမှာပေါ့။ ဒီလျှပ်စစ်မီးနဲ့ပဲ အလုပ်လုပ်နေကြရတာများတယ်လေ။ ဒီဘက်မှာ စပါးစက်တို့၊ ဆီစက်တို့ရှိတယ်။ အဲဒါတွေလည်း လျှပ်စစ်မီးနဲ့လည်းရတယ်။ ပြီးတော့ ဒီက ရေရှားတဲ့ အရပ်ဒေသဆိုတော့ အဝီစိရေတွင်းတူးပြီး လျှပ်စစ်မီးနဲ့ မောင်းထုတ်ရတယ်။ အဲလိုမောင်းထုတ်ပြီးမှ ရေသုံးနေရတဲ့နေရာတွေက လျှပ်စစ်မီးဖြတ်ခံရတယ် ဆိုတော့ အခုတော့ မီးစက်ငှားရမ်းပြီး သုံးနေရတယ်ပေါ့။ ရေတင်ရင် တစ်ကန် ၆၀၀၀၊ ၈၀၀၀ ပေးပြီးတော့မှ ရေတင်နေရတဲ့ အဖြစ်မျိုးတွေရှိနေတာပေါ့။ ဆန်၊ ဆီကြိတ်မယ်ဆိုရင်လည်း အဝေးကြီးသွားကြရတယ်”

မီးဖြတ်ခံထားရတဲ့ ရွာ ၂၅ ရွာထဲက ကောလင်းမြို့နယ်အတွင်းမှာရှိတဲ့ အောင်ချမ်းသာနဲ့ ပေတပင်ရွာ နှစ်ရွာကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်းဖြစ်ခဲ့တဲ့ အောင်ချမ်းသာတိုက်ပွဲကတည်းက လျှပ်စစ်မီးမရတော့တာပါ။

အဲဒီတိုက်ပွဲမှာ အောင်ချမ်းသာရွာတစ်ရွာလုံး မီးရှို့ခံခဲ့ရသလို ပေတပင်ရွာထဲက ထရန်စဖော်မာတွေပါ ဂျက်တိုက်လေယာဉ်နဲ့ အပစ်ခံခဲ့ရတဲ့အတွက် အခုထိ လျှပ်စစ်မီးပြတ်တောက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ရွာပေါင်း ၂၅ ရွာကို လျှပ်စစ်မီးဖြတ်တောက်ထားတဲ့အပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးစောနိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။