နှိုးဆော်ပိုစတာ ချိတ်ဆွဲလှုပ်ရှားမှုတွေ

ရန်ကုန်မြို့အပါအဝင် တခြားမြို့ကြီး တွေက လူစည်ကားတဲ့ နေရာတွေမှာ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ် ပေးရေး နှိုးဆော်ပိုစတာ ချိတ်ဆွဲ လှုပ်ရှားမှုတွေ ဒီကနေ့ မနက် အစောပိုင်းမှာ ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။

2011.08.12
poster-campaign1-305 ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ချိတ်ဆွဲခဲ့သည့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ပိုစတာ ဖြစ်ပါသည်။
Photo: RFA

ရန်ကုန်မြို့ တောင်ဒဂုံ ၂၅ ရပ်ကွက် စည်ပင်လမ်း ၊ စက်မှုဇုံ ၊ ရန်ကင်းမြို့နယ်နဲ့ တခြားမြို့နယ်တွေမှာ နိုင်ငံရေး အကျဉ်းသားများ ချက်ချင်း လွှတ်ပေးဆိုတဲ့ စာတမ်းနဲ့ဓါတ်ပုံပါ ဗိုင်းနိုင်း ပိုစတာတွေ ကပ်ထားတာ မြင်ခဲ့ ရတယ်လို့ ရန်ကုန်မြို့ခံ တဦးက ပြောပါတယ်။

“မနက်က ၆ နာရီလောက်မှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ပိုစတာကို ဓာတ်တိုင်မှာ ချိတ်ထားတာ တွေ့တယ်။ ထိပ်ဆုံးမှာ သံဃာတော်တွေရဲ့ ပုံတွေပါတယ်။ အောက်ဘက်မှာ ကိုမင်းကိုနိုင်၊ ကိုဇာဂနာ၊ ကိုကိုကြီးနဲ့ တခြား ဓာတ်ပုံတွေ ပါတယ်။ ဓာတ်ပုံ ၇၀ ကျော်လောက်ရှိမယ်။ ပိုစတာက ၆ ပေ ၃ ပေလောက် ရှိတယ်။ ငြိမ်းချမ်းရေးအတွက် အကျဉ်းကျ နိုင်ငံရေး သမားများကို ချက်ချင်းလွှတ် ဆိုတဲ့ စာတမ်း ပါတယ်”

မနက်ပိုင်းမှာပဲ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ရဲ အဖွဲ့ဝင်တွေ ရောက်လာပြီး ပိုစတာတွေကို ဖြုတ်ယူ သွားတယ်လို့ ဆိုပါတယ်။

အလားတူ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့တောင်းဆိုတဲ့ အနေနဲ့ ဒီကနေ့မနက် အစောပိုင်းက ဟင်္သာတမြို့မှာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဓာတ်ပုံတွေပါတဲ့ ပိုစတာတွေကို မြို့ရဲ့ လူစည်ကားရာ နေရာတွေမှာ လိုက်လံ ချိတ်ဆွဲ ခဲ့တယ်လို့ သတင်းရရှိ ပါတယ်။

ဒီကနေ့မနက်ပိုင်း ၇ နာရီလောက်အထိ မြို့ရဲ့ လူစည်ကားရာ နေရာတွေမှာ ၄ ပေ ၆ ပေ လောက် ရှိတဲ့ ပိုစတာတွေကို တွေ့ရတဲ့ အကြောင်း ဟင်္သာတမြို့ခံ တဦးက အခုလိုပြော ပြပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုတဲ့ အလျား ၆ ပေ အနံ ၄ ပေ လောက်ရှိတဲ့ ဗိုင်းနိုင်းမှာ မြန်မာ ပြည်သူတွေ နောက်မှာ ကမ္ဘာ့ ပြည်သူတွေ ရှိတယ်။ နိုင်ငံရေး အကျဉ်းသားများ ချက်ချင်းလွှတ် ဆိုပြီး ရေးထားတယ်။ ဓာတ်ပုံ ၁၀၀ လောက်ပါတယ်။ မြို့လယ် လူစည်ကားတဲ့ နေရာတွေမှာ လိုက်ထောင်ထားတာ”

ဒီပိုစတာတွေမှာ လူသိများတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဓာတ်ပုံတွေနဲ့ အတူ အခြား နိုင်ငံရေး အကျဉ်းသား တရာလောက်ရဲ့ ဓာတ်ပုံတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ပိုစတာတွေကို မနက် ၇ နာရီ ဝန်းကျင်လောက်မှာ ရဲ တွေက ဖြုတ်ယူ သွားကြတယ်လို့ အဲဒီမြို့ခံကပဲ ပြောဆို ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။