လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်း ဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု


2015.02.18
amyothar-hluttaw-305.jpg နေပြည်တော်မှာ အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပနေတဲ့ အမျိုးသားလွှတ်တော်ကို တွေ့ရစဉ်
Photo: RFA

မျိုးစောင့်ဥပဒေကြမ်း ၄ ခုထဲက လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ ကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြု လိုက် ပါတယ်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးထွန်း ထွန်းဦးက ဆင်းရဲနွမ်းပါးတဲ့ ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ပြဌာန်းတာ ဖြစ်တယ်လို့ အမျိုးသား လွှတ်တော်မှာ ဒီနေ့တင်ပြခဲ့ပါတယ်။

"အဓိကကတော့ တကယ်အခက်အခဲဖြစ်နေ တဲ့ဒေသတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုကို အပြည့်အဝပေးဖို့၊ ပညာပေးဖို့၊ သူတို့ကလိုက်ပါ ပြီးတော့၊ သူတို့ကိုယ်တိုင်ခံယူချင်တဲ့သူတွေ အတွက် သာလျှင်ဖြစ်ပါတယ်၊ မခံယူချင်ရင်လည်း ကျနော်တို့က ဒီဥပဒေအရ အရေးယူဖို့တို့၊ တားမြစ်ထားတာတော့ မရှိပါဘူး၊ တကယ်တမ်းကျွေးနိုင် လို့၊ မွေးတဲ့သူတွေ အတွက်လည်း ဘာမှကျနော်တို့ကန့်သတ်ချက် မရှိပါဘူး၊ ဒါကြောင့်မို့လို့ တကယ်လိုအပ်တဲ့ဒေသမှာ ကျန်းမာရေးအပြည့်အဝ ပေးနိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့ ပြဌာန်း တာဖြစ်ပါတယ်၊ ပိတ်ပင်ထားခြင်း၊ တားမြစ်ထားခြင်း၊ အရေးယူဆောင်ရွက်ခြင်း လည်းရှိမှာ မဟုတ်တဲ့အကြောင်း တင်ပြအပ်ပါတယ်"

အဲ့ဒီဥပဒေကြမ်းကို ကန့်ကွက်ခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ကျန်းမာရေးဆိုင်ရာ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ရမယ့် ကိစ္စကို ဥပဒေအဖြစ်ပြဌာန်းဖို့ ကြိုးစားတာ မဖြစ်သင့်ဘူးလို့ ပြော ပါတယ်။

" အဓိက ကလူဦးရေထိန်းညှိခြင်းဆိုင်ရာကိစ္စတွေဟာ ကမ္ဘာကလက်ခံထားတဲ့ ဗမာလည်းလက်ခံထားတဲ့ ဖွဲ့စည်းပုံအရလည်း သူကလွတ်လပ်ခွင့်ရှိတဲ့အခါ ကျတော့ အရွယ်ရောက်ပြီးသား အမျိုးသား၊ အမျိုး သမီးတွေ ရဲ့သား၊ သမီးတွေ ဘယ်လောက်ယူမယ်၊ ဘယ်လောက်ခြားမယ်ဆိုတဲ့ကိစ္စရပ်ဟာ တစ်ဦး ချင်း၊ တစ်ဦးချင်း ရဲ့အခွင့်အရေးတွေဖြစ်နေတယ်၊ တကယ်တမ်းလုပ်ရမှာက ကျန်းမာရေးဆိုင်ရာ ပညာပေး လုပ်ငန်းတွေ မြှင့် တင်ပြီးတော့ဆောင်ရွက်ပေး ရမယ့်ကိစ္စတွေကို ဥပဒေတစ်ရပ်ပြဌာန်း ပြီးဆောင်ရွက်တာက သဘာဝမကျဘူး လို့ သုံးသပ်ပြီးတော့ တင်ပြတယ်၊ ဒီလိုအခြေ အနေမျိုးနဲ့ ဒီဥပဒေကို အတည်မပြုသင့်ဘူး "

အဲ့ဒီဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၅၄ မဲ၊ ကန့်ကွက်မဲ ၁၂ မဲနဲ့ ထောက်ခံသူများတာကြောင့် အမျိုးသား လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။